ဧရာဝတီတိုင်းမ်
(ရေး)၊ နိုဝင်ဘာလ ၂၃ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မြို့မရဲစခန်းမှူးအပါအဝင် ရဲ ၃ ဦးကို ယနေ့ နိုဝင်ဘာလ ၂၃ ရက် နံနက် ၈ နာရီဝန်းကျင်တွင်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း YEဘီလူး အဖွဲ့ခေါင်း ဆောင်ကပြောသည်။

ရေးမြို့မရဲစခန်းမှူးစီးနင်းလာသောကားအား ရေး- ထား ဝယ်ကားလမ်းမကြီးပေါ်ရှိ ရေးမြို့နယ်အခြေစိုက် အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၁၉) တည်ရှိရာနှင့် မီတာ ၂၀ ခန့်အကွာတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စခန်းမှူးအပါအဝင် ၃ ဦးသေဆုံးခဲ့ကာ M-16‌ သေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။

“ပစ်ခတ်ခဲ့တဲ့နေရာက အမှတ်(၁၉)တပ်မ နဲ့နီးတော့ ၁၅ မိနစ်အတွင်းသူတို့ရောက်လာပြီးအလောင်းလာကောက်သွားတယ်၊ ကားကမီးလောင်နေတော့ မီးအရင်ငြိမ်းပြီးမှ အလောင်းသယ်ထုတ်ရတယ်။ စခန်းမှူးအပါ ၃ ယောက်သေတယ်၊သေနတ် ၁ လက်ရတယ်” ဟု ‌YEဘီလူးအဖွဲ့ခေါင်းဆောင်မှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင် ပစ်သတ်ခံခဲ့ရသည့် စခန်းမှူးနှင့်အဖွဲ့အား ရေးမြို့နယ်ဆေးရုံသို့ပို့ဆောင်ထားပြီး ပြည်သူများအား အသွားအလာကန့်သတ်ထားကာ ရေးမြို့တွင်းမြို့ပြင်အား ကင်းပုန်းများချကာ လုံခြုံရေးတင်းကြပ်ထားသိရသည်။

ပစ်သတ်ခံခဲ့ရသည့် စခန်းမှူးသည် အောက်တိုဘာလ ၁၇ ရက်နေ့တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် MSROအဖွဲ့စခန်းတာဝန်ခံ တိုဘီနေစိုး၏ ကျဆုံးမှုအပေါ် ကျေနပ် သည်ဟုပြောဆိုခဲ့သူဖြစ်ကြောင်းလည်း သိရသည်။

စက်တင်ဘာလ ၃၀ ရက်နေ့ကလည်း ရေးမြို့ကိုလစာထုတ်လာသည့် ခေါဇာရဲစခန်းမှူးအပါအဝင် ၃ ဦးကိုရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်းသိရသည်။

#ရေး #ရဲစခန်းမှူး #ပစ်သတ်ခံရ #M 16 #ရရှိ #ရေးဘီလူး #AyeyarwaddyTimes