ဧရာဝတီတိုင်းမ်
(သထုံ)၊ နိုဝင်ဘာလ ၂၂ ရက်
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ် စု၊ ကလိကျွန်းရွာက စစ်ကောင်စီခန့်ရာအိမ်မှူး ၁ ဦး နိုဝင်ဘာလ ၂၀ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် ပစ်သတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။
ပစ်သတ်ခံရသူမှာ ကလိကျွန်းကျေးရွာ စစ်ကောင်စီခန့်ရာအိမ်မှူး ဆန်းဝင်းဆိုသူဖြစ်ပြီး ၄င်း၏နေအိမ်တွင်ရှိနေစဥ် အမည်မသိလက်နက်ကိုင်များမှ ပစ်ခတ်ခဲ့သဖြင့်သေဆုံးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
အဆိုပါ ရာအိမ်မှူးဆန်းဝင်းမှာ ဝင်းစိန်ကျေးရွာတွင် PDF မှ ပစ်သတ်ခဲ့သည့် လေ့ကျင့်ရေး ၉ တပ်ရင်းမှ ဒုတပ်ရင်းမှူးချစ်ဝင်းသူ၏တပည့်ဖြစ်ပြီး ကလိကျွန်း EPC ဥက္ကဌတစ်ဦးလည်းဖြစ်ကြောင်းသိရသည်။
“သူကရာအိမ်မှူးလဲဟုတ်တယ်၊ ရွာမီးလင်းကော်မတီဥက္ကဌလဲဟုတ်တယ်၊ ဟိုတလောက သေသွားတဲ့ ဒုတပ်ရင်းမှူးချစ်ဝင်းသူရဲ့တပည့်၊ သူနဲ့တူတူအမြဲကင်းလိုက်လှည့်နေကျ ၊ ရွာထဲမှာလည်း မီတာခတွေမတရားကောက်တာ” ဟု ဒေသခံ အမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါရာအိမ်မှူးဆန်းဝင်းသည် ဒေသခံများထံမှမီတာခ မတရားကောက်ခံခြင်းများ၊ စစ်ကောင်စီထံသို့ တက်ကြွလှုပ်ရှားသူများအား သတင်းပေးဖမ်းဆီးခိုင်းခြင်းများရှိသည်ဟုလည်း ဒေသခံများကဆိုသည်။
သထုံမြို့နယ်တွင် စစ်ကောင်စီမှ ဗိုလ်မှူးချစ်ဝင်းသူနဲ့အဖွဲ့ပစ်သတ်ခံရပြီးနောက်ပိုင်း လုံခြုံရေးပိုမိုတင်းကြပ်ထားပြီး အင်အားအများအပြားဖြင့်ကင်းလှည့်ခြင်းများရှိနေကြောင်းလည်း သိရပါသည်။
#သထုံ #စစ်ကောင်စီခန့် #ရာအိမ်မှူး #ပစ်သတ်ခံရ #AyeyarwaddyTimes