ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၂ ရက်
ကရင်ပြည်နယ်တွင် ထိုးစစ်ဆင်နေသည့် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်က ရွှေကျင်သာသနာပိုင် သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ၏သာသနာပြုလုပ်ငန်းများအတွက် အလှူငွေ ၁၅၄ သိန်းကျပ် ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
အလှူငွေပေးအပ်ပွဲကို ထားဝယ်မြို့ရှိ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်၏ တိုင်းရန်အောင်ခန်းမ၌ ပြုလုပ်ခဲ့ရာ သီတဂူဆရာတော် ဦးဉာဏိဿရ ကြွရောက်ခဲ့ပြီး တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် ကမ်းရိုးတန်းတိုင်းရှိ တပ်ရင်းတပ်ဖွဲ့များမှ အရာရှိစစ်သည်မိသားစုများက သီတဂူဆရာတော် သာသနာပြုရန်အတွက် အလှူငွေ ၁၅၄ သိန်းကျပ်ကို ပေးအပ်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါအလှူငွေများကို သီတဂူဆရာတော်က လက်ခံရယူခဲ့ပြီး တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် တာဝန်ရှိသူများကို ဂုဏ်ပြုမှတ်တမ်းများ ပြန်လည်ချီးမြှင့်ခဲ့ကြောင်း စစ်ကောင်စီ၏ဝါဒဖြန့်မီဒီယာ မြန်မာ့အလင်းသတင်းစာက နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဖော်ပြသည်။
အဆိုပါသတင်းကို နိုဝင်ဘာလ ၂၁ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၏ ထင်သာမြင်သာရှိသော နေရာများတွင် ဖော်ပြခြင်းမရှိဘဲ စာမျက်နှာ ၈ အပေါ်ဘက်တွင် ဖော်ပြခဲ့ခြင်းဖြစ်ပြီး သီတဂူဆရာတော်၏ ဓာတ်ပုံကိုလည်း ဖော်ပြခဲ့ခြင်း မရှိပေ။
မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာဆိုင်ရာနယ်ပယ်တွင် လူသိများထင်ရှားကျော်ကြားသည့် သီတဂူဆရာတော် ဦးဉာဏိဿရသည် ပြည်သူလူထုအား ရက်စက်စွာ ညှဉ်းဆဲသတ်ဖြတ်နေသော အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သဒ္ဒါ၊ ပညာဖြင့် ပြည့်စုံသောမင်း ဟု လူသိရှင်ကြား ချီးကျူးခ့်ခြင်း၊ စစ်ခေါင်းဆောင်နှင့်အတူ ရုရှားနိုင်ငံသို့ သွားရောက်ခြင်း၊ ဘုရားတည်ခြင်း၊ သာသနာရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်းတို့ကြောင့် ပြည်သူလူထု၏ ဝေဖန်ပြစ်တင်မှုကို ခံနေသေည့် နာမည်ကြီး ဆရာတော်တစ်ပါး ဖြစ်သည်။
သီတဂူဆရာတော်ကို အလှူငွေများ လှူဒါန်းသည့် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာချုပ်လက်အောက်ရှိ … တပ်များမှာ ကရင်ပြည်နယ်အတွင်း လပေါင်းများစွာကြာအောင် ထိုးစစ်ဆင်နေပြီး ကရင့်အမျိုးသား အစည်းအရုံး – KNU/KNLA၊ KNDO၊ ကော့သူးလေတပ်မတော်နှင့် PDF ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် ထိခိုက်ကျဆုံးမှု အများအပြား ကြုံတွေ့နေကြောင်း သိရသည်။
#သီတဂူဆရာတော် #ဦးဉာဏိဿရ #ကမ်းရိုးတန်းတိုင်း #ဘာသာရေး #Ayeyarwaddy_Times