ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၂ ရက်

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ဘုတ်ပြင်းမြို့မရဲစခန်းအချုပ်မှ အချုပ်သား ၅ ဦး ဒီကနေ့ နိုဝင်ဘာလ ၂၂ ရက် မနက်အစောပိုင်းက အချုပ်ခန်းဖောက်ထွက် ပြေးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

အချုပ်ခန်းဖောက်ထွက်ပြေးသွားတဲ့သူတွေထဲမှာအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ တော်လှန်ရေးလုပ်ဆောင်သူ ၁ ဦးပါဝင်ပြီး ရဲတပ်ဖွဲ့ကနေစွန့်ခွာ CDM လုပ်ဆောင်ရာကနေပြန်လည်ဖမ်းဆီးခံ ထားရသူ ရဲတပ်ဖွဲ့ဝင် ၁ ဦးလည်းပါဝင်ကာ စုစုပေါင်း ၅ ဦးထွက် ပြေးသွားတာလို့ ဆိုပါတယ်။

အချုပ်သားတွေ အချုပ်ခန်းဖောက်ထွက်ပြေးတာကြောင့် စစ်ကောင်စီအစောင့်တပ်သားတွေဟာ သေနတ်နဲ့ လိုက် လံပစ်ခတ်တာတွေလုပ်ဆောင်ခဲ့ပေမယ့် လက်ရှိအချိန်ထိလွတ်မြောက်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

”မနက်အစော ၃ နာရီလောက်ကြီး ရဲစခန်းထဲက သေနတ်သံ ၄ ၊ ၅ ချက်လောက်ကြားရတာ။မနက်ကျ စုံစမ်းကြည့် တော့ ရဲအချုပ်ခန်းဖောက်ပြီး အချုပ်သားတွေထွက်ပြေးတာကို သေနတ်နဲ့လိုက်ပစ်တာလို့သိရတာ။ ၅ ယောက်ပြေးတာလို့ပြောတယ်၊ အချုပ်ခန်းသံတိုင်တွေ ဟအောင်လုပ်ပြီးပြေးသွားကြတာလို့သိရတယ်။အဲ့ဒီထဲမှာအကြမ်း ဖက်ဥပဒေနဲ့စွဲထားတဲ့ PDF လား ထောက်ပံ့တဲ့သူလားတော့မသိဘူး ၁ ယောက်လည်း ပါတယ်လို့ပြောတယ်။ နောက် အဲ့ဒီရဲစခန်းကနေဘဲ CDM လုပ်ပြီးထွက်ပြေးလို့ အဖမ်းခံရတဲ့တယောက်လည်းပါတယ်။ လက်ရှိထိတော့ ပြန်မိတယ်တော့ မကြားသေးဘူး” လို့ ရဲစခန်းအနီးနေထိုင်သူ ဘုတ်ပြင်း ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ဘုတ်ပြင်းရဲစခန်းကနေ အချုပ်သားတွေထွက်ပြေးလွတ် မြောက်နေလို့ ဒီကနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေက ဘုတ်ပြင်းမြို့ ပေါ်အပါအဝင်အနီးတဝိုက်က ကျေးရွာ တွေအထိပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

#ဘုတ်ပြင်း #ရဲစခန်း #အချုပ်သား ၅ဦး #ထွက်ပြေး #လွတ်မြောက် #Ayeyarwaddy_Times