ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၂ ရက်
ရန်ကုန်မြို့မှ အလွတ်တန်းသတင်းထောက် မသူဇာကို အာဏာသိမ်းစစ်ကောင်စီ၏ အင်းစိန်ထောင်တွင်းရှိ အထူးတရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅-က ဖြင့် ယနေ့ (နိုဝင်ဘာ ၂၂ ရက်) တွင် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီက သတင်းထောက် မသူဇာကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်မြို့၌ ဖမ်းဆီးခဲ့ပြီးနောက် ပုဒ်မ ၅၀၅-က ဖြင့် ၁ နှစ်ကျော် ဖမ်းဆီးထိမ်းသိမ်းစစ်ဆေးခဲ့ပြီးနောက် ယနေ့တွင် အင်းစိန်ထောင်တွင်းအထူးတရားရုံးက ထောင်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
“မသူဇာကို အင်းစိန်ထောင်တွင်းတရားရုံးက ဒီနေ့ပဲ ထောင်ဒဏ် ၂ နှစ် ချလိုက်ပါတယ်။ ပုဒ်မကတော့ ၅၀၅-က ပုဒ်မနဲ့ပါ။ သူ့ကို မနှစ်က စက်တင်ဘာလမှာ စစ်ကောင်စီက ဖမ်းခဲ့တာဆိုတော့ ထောင်ထဲမှာ ၁ နှစ်လောက် ထည့်ထားပြီးတော့မှ ပြစ်ဒဏ်ချခဲ့တာ”ဟု သတင်းထောက် မသူဇာ၏မိတ်ဆွေ ရန်ကုန်မြို့မှ သတင်းထောက် တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အလွတ်တန်းသတင်းထောက် မသူဇာဟာ ယခင်က မော်ဒန်ဂျာနယ်၊ ဧရာဝတီ သတင်းဌာန၊ RFA သတင်းဌာန၊ 7 Day သတင်းဌာန၊ Friday Time ဂျာနယ်တို့မှာ သတင်းထောက်၊ အကြီးတန်းသတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး သတင်းထောက်လုပ်သက် ၁၅ နှစ်နီးပါးရှိ လုပ်သက်ရင့်သတင်းထောက်တစ်ဦး ဖြစ်ပါတယ်။
“ပြီးခဲ့တဲ့ အမျိုးသားနေ့က လွတ်ငြိမ်းချမ်းသာပေးတဲ့ဆီမှာ လူ ၆ လထာက်နီးပါး ဖြစ်ပေမယ့် မြန်မာ သတင်းသမားက ၅ ဦးပဲပါတယ်။ နိုင်ငံရေးအရ အာဏာသိမ်ပြီးနောက် အဖမ်းခံရတဲ့ သတင်းထောက် ၆၀ ကျော်မှာ အခုချိန်အထိ အမိန့်မချသေးသူတွေ ရှိနေသေးတယ်။ သတင်းသမားဟာ သတင်းအလုပ်ကို လုပ်တာပါ။ အစိုးရတရပ်ရဲ့ ရပ်တည်ရေးအတွက်မဟုတ်ပဲ ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်ကို လုပ်ကြရသူတွေ ဖြစ်တယ်။ အဲ့ဒါကို အစကတည်းက မဖမ်းသင့်ပဲ ဖမ်းခဲ့တဲ့သူတွေပါ။ ဒါကြောင့် ဖမ်းဆီးထားတဲ့ သတင်းထောက်တွေ၊ မီဒီယာသမားတွေအားလုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်”ဟု လုပ်သက်ရင့် သတင်းစာဆရာ နေဝန်းနီက ပြောသည်။
အလွတ်တန်းသတင်းထောက် မသူဇာဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်၊ မေလကစတင်ကာ လုံခြုံရေးအခြေအနေအရ သတင်းထောက်အလုပ်ကို ရပ်နားခဲ့သူဖြစ်ပြီး ဘ၀တူ အမျိုးသမီးသတင်းထောက်များရဲ့အခက်အခဲတွေကို လိုက်ပါကူညီပေးနေစဉ်မှာ စစ်ကောင်စီရဲ့ဖမ်းဆီးခြင်း ခံခဲ့၇တာ ဖြစ်ပါတယ်။