ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၂ ရက်
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊တောင်ကလေးရဲစခန်း တိုက်ခိုက်ခံရမှုတွင် ကျိုက်မရောအခြေစိုက် ခမရ ၂၀၈ တပ်ရင်းမှ ဗိုလ်ကြီး ဟိန်းစိုးထွန်း အပါအဝင် ၅ ဦးနှင့် စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးကြောင်း မွန်ပြည်နယ်ရှိ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့အသိုင်းအဝိုင်းထံက သိရသည်။
သေဆုံးခဲ့သူများမှာ တပ်မ ၂၂ လက်အောက်ခံ ကျိုက်မရောမြို့အခြေစိုက် ခမရ ၂၀၈ မှ ဗိုလ်ကြီး ဟိန်းစိုးထွန်း၊ တပ်ကြပ်ကြီး ဌေးဝင်း၊ တပ်ကြပ် ဝင်းစိုးသန်း၊တပ်ကြပ် သိန်းစိုး၊ တပ်သား ဆန်းမောင်နှင့် တောင်ကလေးရဲစခန်းမှ ရဲတပ်ကြပ်ကြီး ကျော်မိုး ၊ ရဲဒုတပ်ကြပ် ကိုကိုလတ်၊ ရဲဒုတပ်ကြပ် ဇွဲပြည့်အောင်တို့ဖြစ်ပြီး အခြားစစ်ကောင်စီတပ်ဖွဲ့ဝင်များလည်းဒဏ်ရာပြင်းထန်မှုများပြားခဲ့ကြောင်း သိရသည်။
”ချောင်းနှစ်ခွအတိုက်ခံရပြီးတော့ အဲ့ဒီရဲကင်းစခန်းမှာ ကျိုက်မရောစစ်တပ်ကပါစောင့်ပေးရတာ။ အဲ့ဒီရဲကင်းကိုလုံခြုံရေးယူပေးနေတဲ့တပ်ကအရာရှိရောအကုန်ကျတယ် လို့သိရတယ်။ ရဲက ၃ ယောက်ကျတယ်။ ဒီနေ့နေ့လည် သဂြိုဟ်မှာ”ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့အသိုင်းအဝိုင်းနဲ့နီး စပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
သေဆုံးသွားသည့် ဗိုလ်ကြီး ဟိန်းစိုးထွန်းသည် စစ်တက္က သိုလ်(DSA)အပတ်စဥ် ၅၀ ဆင်း စစ်ကောင်စီတပ်အရာရှိ ၁ ဦးဖြစ်သည်။ DSA အပတ်စဥ် ၅၀ ဆင်းစစ်ကောင်စီတပ်အရာရှိများသည် လာမည့်ဒီဇင်ဘာလက စတင်၍ မှူး/ဗက အဆင့်သို့တိုးမြှင့်ရရှိမည်ဖြစ်ပြီး တစ်နှစ်ပြည့်မြောက်ပါက ဗိုလ်မှူး အဆင့်ရရှိမည့် အရာရှိများဖြစ်ကာ၊ ဗိုလ်ကြီး ဟိန်းစိုးထွန်းမှာလည်း မကြာခင်လပိုင်းအတွင်း ဗိုလ်မှူးအဆင့်သို့ ရာထူးတိုး မြှင့်ခြင်းခံရမည့်စစ်တပ်အရာရှိဖြစ်ကြောင်း စစ်ကောင်စီတပ်အသိုင်းအဝိုင်းထံကသိရသည်။
စစ်တပ်ထောက်ခံသည့်တယ်လီဂရမ်ချန်နယ်များတွင် ကရင့်တော်လှန်ရေးတပ်ဖွဲ့များမှ တောင်ကလေး ရဲစခန်းကိုဝင်ရောက်တိုက်ခိုက်သော်လည်း တိုက်ခိုက်နိုင်ခြင်းမရှိသဖြင့် စစ်ကောင်စီဘက်မှထိခိုက်မှုမရှိဘဲ လေကြောင်းဖြင့်လိုက်လံတိုက်ခိုက်မှုကြောင့် ဆုတ်ခွာထွက်ပြေးရသည်ဟု ဝါဒဖြန့်ရေးသားဖော်ပြထားသည်။
ယမန်နေ့ နိုဝင်ဘာလ ၂၁ ရက် မနက်အစောပိုင်းက ကရင့်တော်လှန်ရေးပူးပေါင်းအဖွဲ့များကအဆိုပါတောင်ကလေး ရဲစခန်းအားဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်ဘက်မှ နေ့လည် ၃ နာရီခန့်ထိ လေကြောင်း၊လက်နက်ကြီးများဖြင့် လိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံကသိရသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ၁၆ ဦးအထိသေဆုံးမှုရှိခဲ့ကြောင်း လက်နက်ငယ် ၁၀ လက်၊ လက်နက်ကြီး ၁ လက်နှင့် ခဲယမ်းအများအပြားသိမ်းရမိခဲ့ကြောင်းနှင့် တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း Lion Battalion Commando စစ်ကြောင်းမှ သတင်းထုတ်ပြန်ထားသည်။
လတ်တလောတွင် စစ်ကောင်စီဘက်မှသေဆုံးမှုစာရင်းအား ဧရာဝတီတိုင်းမ်အနေဖြင့် ၈ ဦးသာရရှိထားသေးပြီး ကျန်ထိခိုက်သေဆုံးမှုများအားဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ဓာတ်ပုံ – ယမန်နေ့တောင်ကလေးရဲစခန်းတိုက်ပွဲအတွင်း သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ရဲများ။
#ကျိုက်မရော #တောင်ကလေး #ရဲစခန်း #တိုက်ခိုက်ခံရမှု #ခမရ ၂၀၈ #ထိခိုက်သေဆုံး #AyeyarwaddyTimes