ဧရာဝတီတိုင်းမ်
(ဟားခါး)၊ နိုဝင်ဘာလ ၂၂ ရက်
ချင်းပြည်နယ်၊ ဟားခါးမြို့-ထန်တလန်မြို့အကြား သီမြစ်ချောင်းအနီးတဝိုက်တွင် ဖြစ်ပွားသော တိုက်ပွဲတွင် CNAနှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ကြောင်း ယမန်နေ့ကသတင်းထုတ်ပြန်ထားသည်။
ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က MA 1 တစ်လက်၊ MA2 တစ်လက်၊ MA3 တစ်လက်၊ Machine Gun တစ်လက်နှင့် ကျည်ဆံတစ်ထောင်ကျော်အား သိမ်းဆည်းရမိသည်ဟု ဒေသမီဒီယာများ၏ ဖော်ပြချက်အရသိရသည်။
သီမြင်ချောင်းအနီးတဝိုက်တွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ နှစ်ပတ်ကျော်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းဖြင့် အကြိမ်ကြိမ်တိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့ကြောင်းဒေသခံများက ပြောသည်။
အလားတူ ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNO/CNDF)နှင့် စစ်ကောင်စီတပ်တို့ကြား ၅ ရက်ကြာတိုက်ပွဲအတွင်းတွင် CNO/CNDFဘက်က ဒရုန်းဖြင့် အကြိမ် ၃၀၀ ကျော်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၃၀ ကျော်သေဆုံးကာ လက်နက်တစ်ချို့သိမ်းဆည်းရမိကြောင်း နိုဝင်ဘာလ ၂၀ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ဖလမ်းမြို့နယ်၊ သီဘွလ်တပ်စခန်းကို သိမ်းပိုက်ရန်အတွက် နိုဝင်ဘာလ ၁၅ ရက်နေ့မှ စတင်ကာ CNO/CNDFက ဒရုန်းအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က ၃၀ ကျော်သေဆုံးကာ ဂျက်လေယာဥ်ဖြင့် အကြိမ်ကြိမ်လာရောက်ဗုံးကြဲခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိချင်းပြည်နယ်၊ ဟားခါးမြို့နှင့် ဖလမ်းမြို့ဘက်တွင် ဒေသကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က သေဆုံးမှုများပြားကာ လေကြောင်းတိုက်ခိုက်မှု အလွန်အကျွံပြုလုပ်လာကြောင်း ဒေသကာကွယ်ရေးတပ်များက ပြောဆိုသည်။
#ဟားခါး #ထန်တလန် #သီမြစ် #တိုက်ပွဲ
#Ayeyarwaddy_Times