ဧရာဝတီတိုင်း
(ပေါက်)၊ နိုဝင်ဘာလ ၂၂ ရက်
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကျွန်းတိုင်းရွာအား စစ်ကောင်စီတပ်များက နိုဝင်ဘာလ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့များတွင်၂ကြိမ်တိုင်တိုင်မီးတင်ရှို့ခဲ့ကြောင်း သတင်းရရှိသည်။
အိမ်ခြေ ၂၄၀ ဝန်းကျင်ရှိ ကျွန်းတိုင်းရွာအား စစ်ကောင်စီတပ်များမှ နိုဝင်ဘာလ ၂၀ ရက်နေ့ညနေတွင်တစ်ကြိမ် နိုဝင်ဘာလ ၂၁ ရက်နေ့ မနက် ၆ နာရီဝန်းကျင်တွင်တစ်ကြိမ် မီးတင်ရှို့ခဲ့ရာ အိမ်ခြေ ၂၀၀ မီးလောင်းကျွမ်းခဲ့ပြီး ရွာအတွင်း ယမန်နေ့ညနေပိုင်းအချိန်အထိ မီးဆက်လက်လောင်ကျွမ်းနေဆဲဖြစ်ကြောင်း မြိုင်(ပကဖ)ထံမှ သိရသည်။
“မနေ့ကတိုက်ပွဲမှာ ၆ ယောက်သေပြီးနောက်ပိုင်းထပ်ကျတာတွေရှိနေတော့ အထိနာပြီးခုထိမီးရှို့နေတာ။ အိမ်ခြေ ၂၄၀ကျော်မှာ ၇ လုံးဘဲကျန်တယ်လို့သိရတယ်။ မီးကတော့ဘယ်သူမှမငြိမ်းရဲဘူး။ အင်အား ၁၅၀ ဝန်းကျင်လောက်ရွာထဲရှိနေတာ။ မြိုင်နယ်ထဲမှာလဲ ဗဟင်းရဲစခန်းနဲ့အနီးနားတွေကိုသူတို့ကိုယ်တိုင်မီးရှို့ပြီး ရဲစခန်းနဲ့ပေါင်းပြီးနေနေတယ်။ ကျွန်တော်တို့တိုက်တာခဏခဏခံနေရတော့ ရဲစခန်းရုတ်သိမ်းအောင် မီးရှို့တဲ့သဘောပါ” ဟု မြိုင်(ပကဖ)မှ ဗိုလ်လက်ယျာမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် အဆိုပါစစ်ကြောင်းတွင် ပြည်သူများထံမှ အတင်းအဓမ္မယူဆောင်လာသည့် လယ်ထွန်စက်များနှင့် စပါးခြွေစက်များပါလာသည့်အတွက် ပြည်သူပိုင်စပါးခင်းများအားဖျက်ဆီးမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောသည်။
မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များသည် ယမန်နေ့နိုဝင်ဘာလ ၂၀ ရက်တွင်ဇီးပြားရဲစခန်းသို့ ထောက်ပို့လာသည့်စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ရာ တပ်သား ၆ ဦးထက်မနည်းသေဆုံးခဲ့သည့်အတွက် အဆိုပါစစ်ကြောင်းမှအနီးရှိရွာအားမီးတင်ရှို့နေသည်မှာ ယမန်နေ့အထိဖြစ်ကြောင်းသိရပါသည်။
#ပေါက် #စစ်ကောင်စီ #မီးတင်ရှို့
#Ayeyarwaddy_Times
14 Comments