ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၁ ရက်

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်နှင့် လှိုင်သာယာမြို့ နယ်တို့တွင် ယနေ့ နိုဝင်ဘာလ ၂၁ ရက်မနက်ပိုင်းက ဓားဖြင့်ထိုးပစ္စည်းလုယက်မှုကြောင့် လူ ၂ ဦးသေဆုံးခဲ့ကြောင်းသတင်းရရှိသည်။

သာကေတ ၄/ တောင်ရပ်ကွက်၊ အောင်မေတ္တာလမ်းရှိ ကုန်စုံဆိုင်တစ်ဆိုင်ကို ယနေ့ နံနက် ၆ နာရီခွဲအချိန်ဝန်းကျင်တွင် ဝင်ရောက် အနုကြမ်းစီးကာလုယက်မှုဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေထိုင်သူများ၏ ပြောပြချက်အရ သိရှိရသည်။

အောင်မေတ္တာလမ်းရှိ ချောရတနာနေအိမ်ကုန်စုံဆိုင် လုယက်ခံရခြင်းဖြစ်ပြီး အမျိူးသား ၃ ဦးမှ ဆိုင်ရှင်အမျိုးသမီးအား ဓားဖြင့်ထိုး၍ပစ္စည်းနှင့်ငွေများလုယက်မှုကြောင့် ကုန်စုံဆိုင်ပိုင်ရှင်အမျိုးသမီး သေဆုံးခဲ့ကြောင်းသိရသည်။

“ဆိုင်က အိမ်နဲ့တွဲဖွင့်ထားတာ။ မိသားစုဝင် ၄ ယောက်ရှိတယ်။ မနက်က စျေးလာဝယ်တဲ့သူပဲမှတ် တာ။ ပြီးမှ ဓားတွေပါလာတာတွေ့တာလို့ပြောတယ်။ မိသားစုဝင်တွေကို မီးဖိုချောင်ထဲခေါ်သွားပြီး ရှိတဲ့ ရွှေတွေချွတ်ခိုင်းတာ။ ဆိုင်ကပိုက်ဆံတွေလည်းယူ သွားတယ်”ဟု ကာယကံရှင်မိသားစုနှင့်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

သေဆုံးခဲ့သူမှာကုန်စုံဆိုင်ရှင် အသက် ၆၀ အရွယ် ဒေါ်ချောချော ဆိုသူဖြစ်ပြီး လည်ပင်းနှင့် ရင်ဘတ်တို့တွင် ဓားဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ပင် သေ ဆုံးသွားကြောင်း သိရှိရသည်။

ကျန်ရှိသည့် မိသားစုဝင်များထံမှ ရွှေဆွဲကြိုး ၂ ကုံး၊ လက်စွပ် ၂ ကွင်း၊ နားကပ် ၁ စုံတို့ကို ခြိမ်း ခြောက်ချွတ်ယူသွားပြီး ဆိုင်မှ ပိုက်ဆံများကိုလည်း ယူဆောင်သွားသည်ဟု ဆိုသည်။

အလားတူ ယနေ့ နံနက်ပိုင်းကပင် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် အနောက်ပိုင်း၊ ကျုံစုကျေးရွာတွင် လူသတ်ဆိုင်ကယ်လုယက်မှုဖြစ်ပွားကြောင်း ဒေသခံ တစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

“ကျုံစု အမက ၇ ကျောင်းရှေ့မှာ ဒီမနက် ၁၀ နာရီကျော်လေးက ဆိုင်ကယ်လုပြီး သတ်သွားတာ။ အသတ်ခံရတာ ဆိုင်ကယ်ကယ်ရီသမား။ ကယ်ရီငှား ရင်းလုတာလို့ပြောကြတယ်။ ဖြစ်စဥ်ကိုတော့ သေချာတော့ မသိရသေးဘူး။ စစ်ဆေးနေကြတယ်။ ဒီဘက်မှာ လုယက်မှုခဏခဏဖြစ်တယ်။ အဲဒီလိုပဲ သေသွားလည်း မထူးခြားသလိုဖြစ်နေပြီ” ဟု နေထိုင်သူတစ်ဦးမှ ပြောသည်။

လှိုင်သာယာမြို့နယ်အတွင်း ဆိုင်ကယ်ကယ်ရီသမား များ အနေဖြင့် ဆိုင်ကယ်စီးနင်းရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးငွေညှစ်မှုများအပြင် ယခုကဲ့သို့ ဆိုင်ကယ်လုယက်ခံရပြီးသတ်ဖြတ်ခံရသည်အထိ ဖြစ် ပွားမှုများ ကြုံတွေ့နေရသဖြင့် အခက်တွေ့နေကြောင်း လှိုင်သာယာမြို့နယ်အတွင်း ဆိုင်ကယ်ကယ်ရီမောင်းနှင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်တပ်မှအာဏာသိမ်းပြီးနောက်ရန်ကုန်တိုင်းအတွင်း ရှိ မြို့နယ်အသီးသီးတွင် လူသတ်လုယက်ကျူးလွန်မှုများ ​များပြားလျက်ရှိပြီး လှိုင်သာယာမြို့နယ်တွင်ဖြစ်ပွားခဲ့သည့် ပစ္စည်းလိုက်ပို့သည့် လူငယ်တစ်ဦး လုယက်သတ်ဖြတ်ခံရမှုမှ ကျူးလွန်သူများကိုလည်း ယနေ့ထိဖမ်းဆီးနိုင်ခြင်းမရှိသေးပေ။

ဓာတ်ပုံ – သာကေတမြို့နယ်က လူသတ်လုယက်မှုဖြစ်ပွားခဲ့သည့် ကုန်စုံဆိုင်။

#ရန်ကုန် #လှိုင်သာယာ #သာကေတ #ပစ္စည်းလု #လူသတ်မှု #AyeyarwaddyTimes