ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ နိုဝင်ဘာလ ၂၁ ရက်
ချင်းပြည်နယ်၊ဖလမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ သီးဘွာလ်စခန်းအား နိုဝင်ဘာလ ၁၅ ရက်မှ ယမန်နေ့အထိ စခန်းသိမ်းတိုက်ပွဲဆက်လက်ဆင်နွဲခဲ့ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)ထံမှ သိရသည်။
ယမန်နေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ တိုက်ပွဲတွင် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)မှ စနိုက်ပါရဲဘော်များ၏ လက်ချက်ဖြင့် စစ်ကောင်စီတပ်သား ၂ ဦးထပ်မံသေဆုံးပြီး ကျည်ဆံ ၂၀၀ ကျော်ကိုလည်း သိမ်းဆည်းရမိကြောင်း ယမန်နေ့ရက်စွဲဖြင့် CNO/CNDF မှ သတင်းထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၁၉ ရက်တစ်ရက်ထဲတွင် စစ်ကောင်စီမှ လူအင်အား ၃၀ ကျော်ထပ်မံဖြည့်ကာ Jet Fighter ၂ စင်းနှင့် Helicopter ၅ စင်းတို့ဖြင့် ပစ်ကူတိုက်ခိုက်ခဲပြီး ယမန်နေ့ နိုဝင်ဘာလ ၂၀ ရက်တွင်လည်း စစ်ကောင်စီမှ စစ်ရဟတ်ယာဉ်၂ စင်းဖြင့် စားနပ်ရိက္ခာများနှင့် လက်နက်အကူများပို့ချကာ တိုက်ပွဲသုံး MI-35 ဖြင့်ထပ်မံပစ်ခတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါသီးဘွာလ်စစ်ကောင်စီတပ်စခန်း သိမ်းတိုက်ပွဲသည် နိုဝင်ဘာလ ၁၅ ရက်မနက် ၅ နာရီခွဲအချိန်မှစတင်ဖြစ်ပွားခဲ့ပြီး နိုဝင်ဘာလ ၁၉ ရက်အထိ တိုက်ပွဲ ၅ ရက်အတွင်း CNDFနှင့် ပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့် အကြိမ်ပေါင်း ၃၀၀ ကျော်ဗုံးကြဲတိုက်ခိုက်ခဲ့ကာ စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးခဲ့ပြီး CNDF ပူးပေါင်းတပ်ဖွဲံမှ ရဲဘော် ၂ ဦး မစိုးရိမ်ရသည့် ဒဏ်ရာရရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထိုစခန်းသိမ်းတိုက်ပွဲတ္ငင် ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့ ZFU/PDF-Zoland, CDM-Siyin နှင့် ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့ CJDC တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ လေကြောင်းများဖြင့် အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်လာသော်လည်း CNDFပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ကျဆုံးမှုမရှိကြောင်းသိရသည်။
ယင်းစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ လေကြောင်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်စခန်းရှိ အဆောက်အအုံများထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး စခန်းအနီးရှိ ဘွလ်သဲကျေးရွာ နေအိမ်၂လုံးခန့်ကိုလည်း စစ်ကောင်စီတပ်များက မီးရှို့သွားကြောင်း အဝေးမှလှန်းမြင်သူ ဒေသခံများမှ သိရသည်။
စခန်းအနီးရှိ သီးဘွာလ်ရွာ၊ ဘွာလ်သဲရွာနှင့် စတောမ်ရွာများအသီးသီးမှ ရွာသားများမှာ တိုက်ပွဲစတင်ဖြစ်ပွားချိန်မှ၍ စတင်ကာ နီးစပ်ရာတောထဲသို့လည်းကောင်း၊ မီးဇိုးရမ်သို့လည်းကောင်း တိမ်းရှောင်ထွက်ပြေးနေရပြီး လက်ရှိအချိန်ထိ ရွာသို့မပြန်နိုင်သေးကြောင်း ဒေသခံများထံမှသိရသည်။
#ဖလမ်း #သီးဘွားလ် #စခန်းသိမ်းတိုက်ပွဲ #Ayeyarwaddy_Times
လ