ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၁ ရက်
စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့နယ် ၊ အထွေထွေအုပ်ချုပ်ရေးရုံးမှ အကြီးတန်းစာရေး ၁ ဦး နိုဝင်ဘာလ ၂၀ ရက် ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်က ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။
သတ်ဖြတ်ခံရသူမှာ စစ်တပ်သတင်းပေးဟုဆိုသူ
သန့်ဇင်ထွန်း ဖြစ်ပြီး စစ်တပ်ကိုသတင်းပေးဒလန်ပြုလုပ် နေကာ အုပ်ချုပ်ရေးမှူးနောက်လိုက်လုပ် ရမ်းကားနေသဖြင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူကပြောသည်။
“ဆားတောင်အုပ်ချုပ်ရေးမှူးနောက်လိုက် လက်ပါးစေ
သန့်ဇင်ထွန်းဆိုသူကိုရှင်းလင်းခဲ့တာပါ။ ဒလန်လုပ်နေလို့ သတိပေးထားတာလည်းကြာပြီ။ အဲဒါကို ဆက်လုပ်နေလို့ ခုလိုရှင်းလင်းခဲ့တာပါ။ သူ့ကြောင့် ဖမ်းဆီးသတ်ဖြတ်ခံရတာတွေ အများကြီးရှိပါတယ် “ဟု ဆားတောင်မိုးကြိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
သတ်ဖြတ်ခံရသည့် သန့်ဇင်ထွန်းဆိုသူမှာ အသက် ၅၀ အရွယ်ခန့်ရှိပြီး ဆားတောင်ထွေအုပ်ရုံးအကြီးတန်းစာရေး ဖြစ်ကြောင်းနှင့် ထွေအုပ်ရုံးအတွင်းနေ ထိုင်သူဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူထံမှ သိရှိရသည်။
ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးမှ “သူက ထွေအုပ်ရုံးအကြီးတန်းစာရေး။ အဲဒီရုံးထဲမှာပဲနေတာ။ ဝက်လက်ဘက်ကို လမ်းကြုံလိုက်သွားတာ လမ်းမှာဖမ်းခံရပြီး သတ်ဖြတ်ခံရတာ”ဟုဆိုသည်။