ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၁ ရက်

အာဏာသိမ်း စစ်ေကာင်စီမှ ၁၀၂ နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အဖြစ် သက်ဆိုင်ရာနယ်ပယ်အလိုက် ဘွဲ့တံဆိပ်များ ချီးမြှင့်ကြောင်း ကြေညာရာတွင် ပါဝင်ကြသူတချို့မှာ စစ်ေကာင်စီက သတင်းထုတ်ပြန်မှသာ သိရှိခဲကြောင်း သိရသည်။

စစ်ကောင်စီမှ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် စစ်ကောင်စီအဖွဲ့ဝင်များ၊ စစ်ကောင်စီခန့်ဝန်ကြီးချုပ်များ၊ စစ်တိုင်းမှူးများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စာပေ၊ ဂီတ၊ ရုပ်ရှင်နှင့် အနုပညာနယ်ပယ်မှသာမက ဘာသာရေးဆိုင်ရာနယ်ပယ်မှ လူပုဂ္ဂိုလ်များကို စည်သူ၊ စည်သူသင်္ဂဟ၊ သီရိပျံချီ၊ ၀ဏ္ဏကျော်ထင်၊ ဇေယျကျော်ထင်၊ အလင်္ကာကျော်စွာ၊သိပ္ပကျော်စွာ၊ လူမှုထူးချွန်နှင့်စာပေထူးချွန် ပထမဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့်စသော ဘွဲ့တံဆိပ်များ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဘွဲ့တံဆိပ်များ ချီးမြှင့်ခဲ့ရာ ဆုရရှိသူတချို့မှာ ပြည်သူများအပေါ် အကြမ်းဖက် သတ်ဖြတ်မှုများ ပြုလုပ်နေသည့် စစ်ကောင်စီ၏ဘွဲ့တံဆိပ်ချီးမြှင့်မှုကြောင့် ပြည်သူများအထင်အမြင်လွဲမည်ကို စိုးရိမ်ပြီး စိတ်ပူပန်နေရကြောင်း သိရသည်။

“ဘွဲ့ဆံတိပ်ပေးတာ ဘာမှ ကြိုမသိရဘူး။ ဘာမှလည်း မဆက်သွယ်ဘူး။ ဘာသာရေးခေါင်းဆောင်တွေဆိုပြီး နာမည်ပါလာမှသိရတာ။ သူတို့ကိုယ်တိုင်လည်း စစ်ကောင်စီက ဒီဘွဲ့ ပေးလို့စိတ်တော်တော်ညစ်သွားတယ်” ဟု ရန်ကုန်မြို့ရှိ ခရစ်ယန်ဘာသာရေးခေါင်းဆောင်များနှင့်နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့အပြင် စာပေနှင့် အနုပညာရှင်အသိုင်းအဝိုင်းမှ စစ်တပ်၏ ဘွဲ့ချီးမြှင့်ခြင်း ခံရသူများထဲတွင် ကွယ်လွန်သွား သူများ၏ မိသားစုဆွေမျိုးများ၊ သက်ရှိထင်ရှား ရှိသူများကိုယ်တိုင် မသိရပဲ စာရင်းပါလာခြင်းအပေါ် စိတ်ပျက်နေကြကြောင်း ပြောသည်။

“ခင်ဗျားစဥ်းစားကြည့်။ လူသိထင်ရှား စစ်တပ်ကပေးတဲ့ ဘွဲ့စာရင်း ပါလာရင် ကာယကံရှင်နဲ့ မိသားစုတွေက အလိုလိုနေရင်းကို အလှောင်ခံရတယ်။ သူ(စစ်တပ်)ပေးတာ လိုချင်လို့ကို ယူချင်နေတာမဟုတ်ဘူး။ ကိုယ့်ဆွေမျိုးတွေကြားထဲ သိက္ခာလဲကျရတယ်။ စစ်တပ်က ဘွဲ့ပေးတယ်ဆိုတာ တကယ်တော့ ဝါဒဖြန့်ဖို့ သက်သက်လုပ်တာ ပြည်သူတွေ သိတယ်”ဟု ဆုတံဆိပ်ရရှိသည့် စာပေပညာရှင်တစ်ဦးနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

#စစ်ခေါင်းဆောင် #ဘွဲ့တံဆိပ် #ကာယကံရှင်
#Ayeyarwaddy_Times