ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၁ ရက်
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားရွာရှိ ရဲကင်းစခန်းသို့ရိက္ခာလာပို့သည့် စစ်ကောင်စီခြေလျင်စစ်ကြောင်းအား ယမန်နေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေ ၂ နာရီဝန်းကျင်တွင် မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်း ၁ နှင့်ပူးပေါင်းတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ချောင်းကူးကျေးရွာမှ ဇီးပြားရဲစခန်းသို့ရိက္ခာလာပို့သည့် အင်အား ၇၀ ဝန်းကျင်ရှိခြေလျင်စစ်ကြောင်းအား ကျွန်းတိုင်းရွာအနီးတွင် တိုက်မိုင်း ၂ ကြိမ် အပါအဝင် မိုင်းကြီးများဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဒအများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း မြိုင်(ပကခ)ထံမှ သိရသည်။
“သူတို့ဘက်ကအထိနာတော့ အဲ့ဒီစစ်ကြောင်းက ကျွန်းတိုင်းရွာကိုမီးတင်ရှို့တာ၊ ခုသိရသလောက် အိမ် ၁၃ လုံးမီးလောင်ပြီးဆက်လောင်နေတယ်၊ နေ့လည်ထဲကနေလည်း လက်နက်ကြီးနဲ့ညအထိပစ်နေတယ်၊ ရွာသားတွေကရှောင်နေကြရတယ်၊ သူတို့ဘက်ကသေတာများတော့မီးရှို့တာ” ဟု မြိုင်(ပကခ)မှ ဗိုလ်လက်ယာက ဧရာဝတီတိုင်းမ်ကိုပြောသည်။
မိုင်းဆွဲခံရပြီးနောက် ဆက်လက်ချီတက်လာသည့်စစ်ကြောင်းအား အသင့်စောင်းဆိုင်းနေသည့်တပ်ဖွဲ့ဝင်များမှ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ ၆ ဦးသေဆုံးပြီး ၉ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
တိုက်ခိုက်မှုအား မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်း၁၊ ပေါက် မြွေပွေး-ပြောက်ကျားတပ်ဖွဲ့၊ တမ်လွှာမုတ်ဆိတ်အဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း မြိုင်(ပကခ)မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် နိုဝင်ဘာလ ၁၈ ရက်ကလည်း မြိုင်မြို့နယ်အတွင်းစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား တပ်သား ၇ ဦးသေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးကြောင်း သိရသည်။
#မြိုင် #ဇီးပြားရဲစခန်း #ရိက္ခာလာပို့ #စစ်ကောင်စီ #မိုင်းဆွဲတိုက်ခိုက်
#Ayeyarwaddy_Times