ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊နိုဝင်ဘာလ ၂၀ ရက်

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်အခြေစိုက် ခလရ(၂၇၃) ခြေလျင်တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး နိုဝင်ဘာ ၂၀ ရက် ဒီကနေ့ နေ့လည်ပိုင်းက သေဆုံးသွားကြောင်း ဒေသခံများထံမှသိရသည်။

သေဆုံးသွားသူမှာ စစ်ကောင်စီတပ် ခလရ ၂၇၃ ခြေလျင်တပ်ရင်းမှ အသက် ၅၂ နှစ် အရွယ် ဒုအရာခံဗိုလ် ထင်ကျော်ဆိုသူ ဖြစ်ပြီး ဦးနှောက်သွေးကြောပြတ်ရောဂါဖြင့် နေ့လည် ၁ နာရီခွဲခန့်အချိန်ကသေဆုံးသွားသည်ဟုဆိုသည်။

“ဒီနေ့ စဖြစ်ဖြစ်ချင်းပဲ့ ရေတပ်ဆေးရုံကိုအရေးပေါ်တင်လိုက်ရတယ်။အခြေအနေကပိိုဆိုးလာလို့ ရေတပ်ဆေးရုံကနေ တစ်ဆင့် ထားဝယ်တပ်နယ် ဆေးရုံကိုပို့တာ ဆေးရုံကိုမရောက်ခင် လမ်းခုလတ်မှာပဲ့ ဦးနှောက်သွေးကြောပြတ်ပြီး ဆုံးသွားတယ်”ဟု ခလရ ၂၇၃ တပ်ရင်းနဲ့နီးစပ်သူက ဧရာဝတီတိုင်းမ် ကိုပြောသည်။

သေဆုံးသွားသော ဒုအရာခံဗိုလ် ထင်ကျော်၏ အလောင်းကို ထားဝယ်တပ်နယ်ဆေးရုံ ရင်ခွဲ​ရုံတွင်ထားရှိကာ မနက်ဖြန် နိုဝင်ဘာလ ၂၁ ရက်တွင် သဂြိုဟ်မည်ဖြစ်ကြောင်းသိရသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ကလည်း ကံပေါက်ဒေသ
မောရဝတီရေတပ်ဌာနချုပ်က တပ်ကြပ်ကြီးတစ်ဦး ၊ ကလိန်အောင်မြို့အခြေစိုက် ခမရ ၄၀၉ တပ်ရင်းမှ ဒုအရာခံဗိုလ်တစ်ဦး နှလုံးရောဂါနဲ့သေဆုံးခဲ့ပြီး ကံပေါက်နယ်တွင် ရက်သတ္တပတ် ၁ ပတ်အတွင်း ရောဂါနဲ့သေဆုံးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးအထိရှိကြောင်းသိရသည်။

#ကံပေါက် #ခလရ ၂၇၃ #စစ်ကောင်စီတပ်ဖွဲ့ဝင် #သေဆုံး #AyeyarwaddyTimes