ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၀ ရက်

ဒု-ဗိုလ်ချုပ်ကြီး သန်းလှိုင် ဆိုတာ ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီ ၁ ရက်က အာဏာသိမ်းခဲ့တဲ့ စစ်အုပ်စုထဲမှာ ရဲချုပ်၊ ပြည်ထဲရေးဒုဝန်ကြီးနဲ့ စစ်ဆင်ရေးအတူးအဖွဲ့မှူးလို့ခေါ်တဲ့ အမှတ် ၆ ကစထမှူးစတဲ့ ကြီးမားတဲ့ရာထူး တာဝန်တွေကိုရယူခဲ့ပြီး မြန်မာပြည်သူလူထုအကြားမှာ နာမည် ဆိုး နဲ့ကျော်ကြားခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် ရဲချုပ်တာဝန်ရယူထားတဲ့ ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်ဟာ အာဏာသိမ်း စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက် ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး စစ်ခေါင်းဆောင်ခိုင်းသမျှလုပ်ခဲ့သူလို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းက ပြောဆိုကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပေါ်ပေါက်ခဲ့တဲ့ ပြည်သူလူထု သန်းနဲ့ချီပါဝင်တဲ့ လမ်းပေါ်က အကြမ်းမဖက် ဆန္ဒပြပွဲတွေကို အဲ့အချိန်က ရဲချုပ်တာဝန်ယူထားတဲ့ ဒု-ဗိုလ်ချုပ်ကြီး သန်းလှိုင်က ကျည်အစစ်တွေသုံးပြီး ရက်ရက်စက်က် ပစ်ခတ်ဖြိုခွင်းခိုင်းပြီး ပြည်သူတွေကို သတ်ခဲ့သူဖြစ်ပါတယ်။

ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်ဟာ တော်လှန်ရေးအင်အားစုတွေကို ပစ်ခတ်သတ်ဖြတ်ဖြိုခွင်းတဲ့နေရာမှာ လက်မရွံ့တစ်ဦးဖြစ်သလို အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ပြည်သူဘက်က ရပ်တည်ခဲ့တဲ့ ညီအရင်းဖြစ်သူ တော်လှန်ရေး သမား ကိုစိုးမိုးလှိုင် (ခ) မဲကြီးကို သူ့တပည့် စစ်သားနဲ့ရဲတွေက ဖမ်းဆီးနှိပ်စက်တာတောင် လက်ပိုက် ကြည့်နေခဲ့တဲ့ အထိ ညီအရင်းကို ပစ်ပယ်ကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပေါ် သစ္စာရှိခဲ့သူ ဖြစ်ပါတယ်။

ရဲချုပ် သန်းလှိုင်ရဲ့ ညီအရင်းဖြစ်သူ ကိုစိုးမိုးလှိုင်(ခ) မဲကြီးမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နိုင်ငံရေး အကျဉ်း သားဟောင်းတစ်ဦးဖြစ်ပြီး ကျောင်းသားတပ်မတော် ABSDF ရဲဘော်ဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ တော်လှန် ရေးသမား ကိုစိုးမိုးလှိုင်(ခ) မဲကြီးကို သန်းလှိုင် လက်အောက်က ရဲတပ်ဖွဲ့က ၂ဝ၂၁ ခုနှစ် မေလမှာ ပဲခူးမြို့နယ်ထဲမှာ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးစခန်းမှာ အပြင်းအထန် ညှဉ်းပန်းနှိပ်စက်မှုကြောင့် ကိုစိုးမိုးလှိုင် ကျဆုံးခဲ့ရပါတယ်။

အောက်ခြေ စစ်သားနဲ့ ရဲတွေက သန်းလှိုင်အမိန့်နဲ့ ဆောင် ရွက်သူတွေမို့ ကိုစိုးမိုးလှိုင်(ခ)မဲကြီးကို သတ်သူဟာ အစ်ကိုအရင်းဖြစ်တဲ့ သန်းလှိုင်လို့ ဆိုရမှာ ဖြစ်ပါတယ်။ သန်းလှိုင်ကတော့ ကိုယ့်ရာထူးအာဏာအတွက် ကိုယ့်ညီအရင်းကို ပြန်သတ်ပြီး မင်းအောင်လှိုင်ခိုင်းသမျှကို မိုက်မိုက်ကန်းကန်း ဆက်လုပ်ခဲ့သူ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ဒေသအသီးသီးမှာ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ – PDF တွေ အားကောင်းလာပြီးတဲ့နောက် PDF တွေကို အပြီးတိုင်သုတ်သင်ရှင်းလင်းဖို့ စစ်ကောင်စီက အလောင်းမင်းတရားစစ်ဆင်ရေး ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက စတင်ခဲ့ပါတယ်။ ဒီစစ်ဆင်ရေးကို ဦးဆောင်သူကလည်း ဒု ဗိုလ်ချုပ်ကြီး သန်းလှိုင်ပဲ ဖြစ်ပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်ကိုင်း တိုင်းထဲက PDF တွေ မကုန်မချင်း ပြန်မလာနဲ့လို့နှုတ်မိန့်နဲ့ သူ့ကို အထူးတာဝန် ပေးစေခိုင်းခဲ့တာလည်းဖြစ်ပါတယ်။

မင်းအောင်လှိုင်ခိုင်းစေချက်နဲ့ သန်းလှိုင်ကလည်း စစ်ကိုင်းတိုင်းအတွင်းက PDF တွေကို အင်အားသုံးပြီး တိုက်ခိုက်နှိမ်နင်းပါတော့တယ်။ဒီလိုနှိမ်နင်းရာမှာ စစ်တပ် ရဲ့လုပ်နေကျ ဖြတ် ၄ ဖြတ်ဗျူဟာအတိုင်း PDF ရှိတဲ့ရွာမှန်သမျှ မီးရှို့ဖျက်ဆီး၊ လုယက်သတ်ဖြတ်မှုတွေကို စစ်တပ်က အကြီးအကျယ် ပြုလုပ်ခဲ့ကြပါတယ်။ အလောင်းမင်းတရားစစ်ဆင်ရေးအတွင်း စစ်ကိုင်းတိုင်းက နေအိမ်ပေါင်း သောင်းနဲ့ချီ မီးလောင်ပြာကျခဲ့သလို လူပေါင်းသိန်းနဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

အလောင်းမင်းတရားစစ်ဆင်ရေးစတင်ပြီး ၅ လကျော် အကြာ ဒီနှစ်မတ်လအတွင်းမှာတော့ ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်ကို စစ်ခေါင်းဆောင်က နေပြည်တော်ကိုပြန်လည်ခေါ်ဆောင်ခဲ့ပြီး သူ့ရဲ့လက်ရှိရာထူး ၃ ခုအနက်က ကစထ ၆ မှူး ရာထူးကိုရုတ်သိမ်းပြီး လက်ရှိ ကစထ ၆ ကစထမှူး ဒုဗိုလ်ချုပ်ကြီး သန်းထွန်းဦးကို အစားထိုးခန့်အပ်လိုက်ပါတယ်။

“သန်းလှိုင်က စစ်ကိုင်းတိုင်းက PDF တွေကို ထိထိရောက်ရောက် မနှိမ်နင်းနိုင်ဘူးဆိုပြီး နေပြည်တော် ပြန်ခေါ်လိုက်တာ။ ပြီးတော့ စစ်ဘက်မှာဆို ကာချုပ်အထိ တက်လမ်းရှိနေတဲ့ ကစထမှူးရာထူးကို ဖြုတ်ပစ်လိုက်တဲ့အချိန်မှာ သန်းလှိုင် တော်တော်တင်းသွားတာ။ သူဒီလောက် သူ့ညီတစ်ယောက်လုံး သေတာတောင် ဂရုမစိုက်ဘဲ လုပ်ကိုင်ပေးခဲ့တာကိုအသိအမှတ်မပြုဘူးဆိုပြီးညစ်သွားတာပေါ့” လို့ နေပြည်တော်စစ်ရုံးနဲ့နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်တို့အကြား အကွဲအပြဲက ကစထမှူးရာထူး ပြုတ်ကတည်းက စတင်ခဲ့ပြီး အဲ့ရာထူးပြုတ်တဲ့နောက် သန်းလှိုင်က ရဲချုပ်ရာထူးနဲ့ ပြည်ထဲရေး ဒုဝန်ကြီး ရာထူးတွေကို ဖိဖိစီးစီး မလုပ်တော့ဘဲ အရက်တွေဘဲ ဖိသောက်နေခဲ့တယ်လို့ နေပြည်တော်စစ်ဘက် အသိုင်းအဝိုင်းက ဆိုပါတယ်။

အဲ့ဒီကာလက စတင်ခဲ့ပြီး အဲ့ဒီနောက် ၁ လကျော်အကြာ မေလ ၂ ရက်နေ့မှာတော့ သန်းလှိုင်လက်ထဲ ကျန်နေတဲ့ ရဲချုပ် နဲ့ ပြည်ထဲရေးဒုဝန်ကြီး တာဝန်တွေကိုပါ စစ်ခေါင်း ဆောင် မင်းအောင်လှိုင်က ထပ်မံရုတ်သိမ်းပြီး မူလစစ် ဘက်တာဝန်တွေကို ပြန်လည်ထမ်းဆောင်စေခဲ့ပါတယ်။ သန်းလှိုင်အစား ရဲချုပ်နဲ့ ပြည်ထဲရေး ဒုဝန်ကြီးတာဝန်ကို ယခင်တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ် ဇင်မင်းထက်ကိုပြောင်းလဲတာဝန်ပေးခဲ့ပါတယ်။

စစ်ကောင်စီက ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်ကို မူလစစ်ဘက်တာဝန်တွေပြန်လည်ထမ်းဆောင်စေတယ်လို့ အမိန့် ထုတ်ပြန်ခဲ့ပေမယ့် သန်းလှိုင်ဟာ လက်ရှိရာထူး ၃ ခုလုံးက အနားပေးခံရပြီးတဲ့နောက် သီးခြား တာဝန် မရှိတော့ဘဲ အရန်အင်အားကိုပို့ဆောင်တယ်လို့လည်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

ဧရာဝတီတိုင်းမ်သတင်းဌာနက စုံစမ်းသိရှိထားတဲ့ အချက်အလက်တွေအရ ဒု-ဗိုလ်ချုပ်ကြီး သန်းလှိုင်ဟာ စစ်ဘက်မှာ တာဝန်ပေးမခံရရုံမကဘဲ နေပြည်တော်စစ်ရုံးထဲက စစ်ဗိုလ်ချုပ်တွေအမှုဖြစ်ရင်ထားရှိတဲ့ ဘုရင့်နောင်ရိပ်သာမှာ အကျယ်ချုပ်ဘဝနဲ့ ကာလအတန်ကြာနေထိုင်ခဲ့ရပြီး အမှုရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။ ဘယ်အမှုနဲ့ ဘယ်လိုမျိုးဆောင်ရွက်ခဲ့တယ်ဆိုတာတော့ စုံစမ်းလို့မရခဲ့ပါဘူး။

နိုဝင်ဘာလ ၁၇ ရက်နေ့မှာ စစ်ခေါင်းဆောင် မင်းအောင် လှိုင်က ၎င်းနဲ့အတူ အာဏာသိမ်းမှုမှာ ပါဝင်ခဲ့တဲ့ သူ့လက်အောက် ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းအပါအဝင် နေပြည်တော်စစ်ရုံးထဲက ဗိုလ်ချုပ်ကြီး၊ ဒု-ဗိုလ်ချုပ်ကြီး အဆင့်ရှိ စစ်ဗိုလ်ချုပ်ကြီး ၃၀ နီးပါးကို စည်သူသင်္ဂဟ ဘွဲ့တံဆိပ်တွေ အသီးသီး ပေးအပ်ခဲ့ပါတယ်။

အဲ့ဒီထဲမှာ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)၊ ရေချုပ်၊ လေချုပ်၊ ကစထ ၁ မှ ၆ အထိ ကစထမှူး၊ စစ် ထောက်ချုပ်၊ စစ်ရာထူးခန့်ချုပ်၊ လေကြောင်းရန်အရာရှိချုပ်၊ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်၊ တပ်စစ်ဆေးရေးနဲ့ စာရင်းစစ်ချုပ်၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ် စတဲ့ လက်ရှိ စစ်အရာရှိချုပ်တွေအားလုံးနီးပါး ပါဝင်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ကနေ အရန်အင်အားကိုပို့ဆောင်လိုက်တဲ့ ဒုဗိုလ်ချုပ်ကြီး မင်းနောင်၊ လူအေး၊ အေးဝင်း၊ ဝင်းဗိုလ်ရှိန်၊ မင်းနိုင် စတဲ့သူတွေအပြင် မကြာသေးမီကမှ အငြိမ်းစားပေးပြီး ကြံ့ခိုင်ရေးပါတီကို ပို့ဆောင်လိုက်တဲ့ ယခင် ကစထ ၄ မှူး ဒုဗိုလ်ချုပ်ကြီး အောင်စိုးနဲ့ စစ်ရေးချုပ်ဟောင်း ဒုဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းတို့လည်း ပါဝင်ပါတယ်။

ဒါ့အပြင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က လက်ရှိစစ်တိုင်းမှူးတွေဖြစ်တဲ့ စစ်ဗိုလ်ချုပ်တွေနဲ့နေပြည်တော် စစ်ရုံးက ဗိုလ်ချုပ်တွေကိုလည်း ဇေယျကျော်ထင်ဘွဲ့အပါအဝင် ဘွဲ့အများအပြားကို ဖောဖောသီသီ ပေးအပ်ခဲ့တာဖြစ်ပါတယ်။ မကြာသေးခင်ကမှ ပုသိမ်မြို့အခြေ စိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ရာထူး ကနေ နေပြည်တော်စစ်ရုံးမှာ ကစထ ၂ မှူးအဖြစ် အဆင့်တိုးမြှင့်ခံလိုက်ရတဲ့ ဒု-ဗိုလ်ချုပ်ကြီး အောင်အောင် ကလွဲရင် အာဏာသိမ်းမှုမှာအဓိကပါဝင်ခဲ့တဲ့ ဗိုလ်ချုပ်အဆင့်နဲ့အထက် စစ်ဗိုလ်ချုပ်အားလုံးကို မင်းအောင်လှိုင်က ဘွဲ့တံဆိပ်တွေပေးခဲ့တာပါ။

ဒါပေမယ့် စစ်ကောင်စီက မူလစစ်ဘက်တာဝန်ပြန်လည်ထမ်းဆောင်စေတယ်ဆိုပြီး ထုတ်ပြန်ထားတဲ့ အရန် အင်အားကိုပို့ဆောင်ခံလို့ရတယ်လို့လည်း သတင်းထွက်ပေါ်ခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်ဟာ မင်းအောင်လှိုင်ပေးအပ်တဲ့ စည်သူဘွဲ့တံဆိပ် ချီးမြှင့်ခံရသူစာရင်းထဲ မပါဝင်ခဲ့ပါဘူး။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အာဏာအတူတူသိမ်းခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီးအဆင့်နဲ့အထက် အရာရှိကြီးတွေစာရင်းမှာ သန်းလှိုင်တစ်ဦးထဲသာ ဘွဲ့တံဆိပ်မရဘဲ ကျန်နေတာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၁၈ ရက်နေ့ နေ့လည်ပိုင်း စစ်ကောင်စီကပြု လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း စစ်ကောင်စီသတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ဘွဲ့တံဆိပ်ပေးတာနဲ့ပတ်သက်လို့ ပေးသင့်ပေးထိုက်တဲ့သူတွေကို စိစစ်ရွေးချယ်ပြီးပေးအပ်တာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုမှာ အဓိကကျတဲ့အခန်းအဏ္ဍထဲမှာပါဝင်ခဲ့သူ၊ ရဲချုပ်နဲ့ ပြည်ထဲရေးဒုဝန်ကြီးစတဲ့ အရေးကြီး တာဝန်တွေ ထမ်းခဲ့သူ၊ လမ်းမပေါ်က အကြမ်းမဖက်ဆန္ဒပြပွဲတွေကို ကျည်အစစ်နဲ့ ရက်ရက်စက်စက် ပစ်ခတ် သတ်ဖြတ်ဖို့ စေခိုင်းခဲ့သူ၊ ညီအရင်းကို သတ်ပစ်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပေါ် သစ္စာရှိကြောင်း ပြသခဲ့သူ၊ အလောင်းမင်းတရားစစ်ဆင်ရေးကို ဦးဆောင်ပြီး ရွာတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး မင်းအောင်လှိုင် ခိုင်းသမျှ လုပ်ခဲ့သူ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း သန်းလှိုင်ဟာ လက်ရှိမှာတော့ ဘွဲ့တံဆိပ်မရတဲ့အပြင် သတင်းအစအနပါ ပျောက်ဆုံးနေပါတယ်။

“စစ်အာဏာရှင်တွေရဲ့ထုံးစံကတော့ လိုအပ်တဲ့အချိန် သုံးမယ်။ မလိုရင် ချောင်ထိုးမယ်။ ဒါက ထုံးစံပါပဲ။ သန်းလှိုင်က ရာထူးအာဏာအတွက် မင်းအောင်လှိုင်ခိုင်းသမျှ အကုန်လုပ်ပြီး ဟိုက အသုံးမလိုတဲ့အခါ ကျတော့ ချောင်ထိုးပစ်လိုက်တာ။ ဒါပေမယ့် ချောင်ထိုးထားလည်း တကယ်တမ်း တော်လှန်ရေးအောင်မြင်လို့ စစ်ရာဇဝတ်မှုတွေ စုံစမ်းစစ်ဆေးချိန်ကျ သန်းလှိုင်က လွတ်ဖို့မရှိဘူး။ ကျိန်းသေပါမယ့်သူပဲ။ အဲတော့ အခုလက်ရှိ မင်းအောင်လှိုင်ခိုင်းသမျှလုပ်နေတဲ့ စစ်ဗိုလ်ချုပ်တွေလည်း သန်းလှိုင်လိုပဲ မင်းအောင်လှိုင် မလိုတဲ့ အချိန် ချောင်ထိုးခံရမယ်၊ ပြီးရင် စစ်ခုံရုံးတက်ရမယ်ဆိုတာ သဘော ပေါက်ထားသင့်တယ်”လို့ နိုင်ငံရေးဆောင်းပါးများ ရေး သားနေတဲ့ ဆောင်းပါးရှင် သံလက်သီးက ပြောပါတယ်။

#ဒုဗိုလ်ချုပ်ကြီး #သန်းလှိုင် #သတင်းဆောင်းပါး #Ayeyarwaddy_Times