ကိုကိုလေး/ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၀ ရက်

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာ အေးအေးလင်း ရဲ့ အနိုင်ကျင့် ဖိနှိပ်မှုတွေကြောင့် မြို့နယ်ဆေးရုံနဲ့ တိုက်နယ်ဆေးရုံတွေက Non-CDM ဝန်ထမ်းတွေ စိတ်ပျက် မကျေမနပ်ဖြစ်နေကြတယ်လို့ ရေကြည်ကျန်းမာရေးဝန်ထမ်းအသိုင်း အဝိုင်းထံက သိရပါတယ်။

ရေကြည်မြို့ ဆေးရုံအုပ်ဟာ ငါးသိုင်းချောင်းတိုက်နယ်၊ အသုတ်တိုက်နယ်၊ ကုန်းပြင်တိုက်နယ်၊ ကမ်းနီတိုက်နယ်၊ ဇရပ်လှတိုက်နယ် စတဲ့ တိုက်နယ်ဆေးရုံတွေကို အုပ်ချုပ်သူလည်းဖြစ်တယ် လို့သိရပါတယ်။

တိုက်နယ်ဆေးရုံတွေမှာ လာရောက်ကုသတဲ့ဒေသခံ လူနာတွေကို သာမာန်နှာစေး၊ချောင်းဆိုးလောက်သာ ကုသခွင့်ပေးပြီး ကျန်လူနာတွေကို သူရုံးထိုင်တဲ့ ရေကြည်ဆေးရုံကိုသာလွှဲပြောင်းကုသခိုင်းတယ်လို့ဆိုပါတယ်။

“နှာစေးချောင်းဆိုးလောက်ပဲ တိုက်နယ်ဆေးရုံမှာ ကုခိုင်းတယ်။ ကလေးမွေးတာက အရင်ဆိုတိုက်နယ်ဆေးရုံမှာတင်မွေးလို့ရတယ်။။ ခုက မွေးလူနာရော သာမာန် နှာစီးချောင်းဆိုးလောက်ကလွဲရင် ရေကြည်ဆေးရုံကြီးကို ပို့ခိုင်းတယ်။တိုက်နယ်ဆေးရုံတိုင်းကို ကုသခွင့်မပေးဘူး။ အခါတိုင်းလည်း တိုက်နယ်ဆေးရုံတွေကကုသနေကြပဲ။ ဆေးကုတာလဲ သူကိုယ်တိုင်လဲ ကျွမ်းကျင်မှုမရှ်ိဘူး။ သူ့ဆေးရုံကြီးမှာ လူနာများတယ်ဆိုတာကို စစ်ကောင်စီကို ရုပ်ပြသက်သက်လုပ်ချင်တာ။သူကစစ်တပ်နဲ့လည်းပိုင်တယ်” လို့ ရေကြည်မြို့ကျန်း မာရေးဌာနနဲ့ နီးစပ်တဲ့ဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ရေကြည်မြို့ကုတင် ၅၀ ဆေးရုံမှာ လူနာတွေကို ခွဲ စိတ်ကုသရာမှာလည်း ဆေးရုံအုပ်က ၄င်းကိုယ်တိုင်ခွဲစိတ်ကုသတယ်လို့အမည်ခံပြီး ခွဲခန်းအတွင်းကို ဝတ်စုံပြည့် အရောင်ပြသာဝင်ရောက်ကာ တခြားခွဲစိတ်ဆရာဝန် ၁ ဦး ငှားရမ်း ခွဲစိတ်ကုသတယ် လို့ ရေကြည်မြို့ခံတွေက ပြောပါတယ်။

ဗိုက်ခွဲမွေးလူနာတစ်ဦးကို ခွဲစိတ်ခ ၁ သိန်းကျပ်ပေးရပြီး ဆေးရုံဆင်းသည်အထိ ဗိုက်ခွဲမွေးလူနာတဦးကို စုစုပေါင်းငွေ ၁၀ သိန်းကျပ်အထိ ကုန်ကျတယ်လို့ ကလေးမွေးလူနာရှင် တဦးထံကသိရပါတယ်။

” အဲ့ဒီဆေးရုံအုပ်က သူကိုယ်တိုင်ခွဲစိတ်သလိုနဲ့ အော်ပရေးရှင်းခန်းကို PPE တွေဘာတွေနဲ့ဝင်ပြီး အထဲရောက်တော့ ဆရာကြီးဗေဒါဆိုတဲ့ ခွဲစိတ်ဆရာဝန်ကခွဲပေးတာ။ အဲ့ဒီခွဲစိတ်ခအတွက် ဆရာကြီးဗေဒါကို တစ်သိန်းပေးရတယ်။ စုစုပေါင်းဆို ၁၀ သိန်းကျော် လောက်ကုန်တယ်။ အရင်လိုတိုက်နယ်တွေမှာ မွေးလို့မရတော့ဘူး၊ ရေကြည်အထိလာမွေးရတာ အဆင်မပြေဘူး၊ အကုန်အကျများတယ်” လို့ကာယကံရှင်မွေးလူနာတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဒေါက်တာ အေးအေးလင်းဟာ ရေကြည်ဆေးရုံကို စစ်တပ်အာဏာသိမ်းပြီးနောက် ယခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့က စတင်ပြောင်းရွေ့လာပြီး စစ်တပ်အရာရှိတွေ၊ မြို့နယ်ရဲမှူးတွေနဲ့အတူ ညစဥ်အရက်ဝိိုင်းဖွဲ့သောက်ကာ မူးလာရင်လက်အောက်ဝန်ထမ်းတွေကို ဖုန်းဆက်ပြီးရမ်းကားလို့ Non – CDM ဝန်ထမ်းတွေစိတ်ပျက်နေတယ်လို့ဆိုပါတယ်။

” ညဘက်ဆို စစ်တပ်နဲ့ရဲ အရာရှိတွေနဲ့ဝိုင်းဖွဲ့သောက်ပြီ၊ မူးလာရင်ဟိုဖုန်းဆက် ဒီဖုန်းဆက်နဲ့ပတ်ရမ်းနေတာ။ သူ့အောက်ကတိုက်နယ်ဆေးရုံအုပ်တွေအဓိက မကျေနပ်တာက တိုက်နယ်တွေမှာဆေးကုသခွင့်တွေကန့်သတ်ပြီး သူ့ဆေးရုံမှာလူစည်ကြောင်းပြပြီးပိုက်ဆံရှာတာပေါ့။ ခုဆိုရေကြည်ကလူနာတွေတောင် ဟင်္သာတတို့၊ပုသိမ်တို့၊ ရန်ကုန်တို့ဘက်တွေအထိဆင်းကုကြတာများတယ်” စစ်ကောင်စီကျန်းမာရေးဌာနနဲ့နီးစပ်သူက ဆိုပါတယ်။

ဓာတ်ပုံ-ရေကြည်မြို့ဆေးရုံအုပ် ဒေါက်တာဒေါ်အေးအေးလင်း
#Ayeyarwaddy_Times