အောင်မြသန်း/ဧရာဝတီတိုင်းမ်
(ဧရာဝတီ)၊ နိုဝင်ဘာလ ၂၀ ရက်

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းမှာ စပါးစိုက်ပျိုးဧက လျော့နည်းလာပြီး ငါးကန့်တူးဖော် မွေးမြူတာတွေပိုမိုများပြားလာတယ်လို့ သိရပါတယ်။

အထွေထွေကုန်ဈေးနှုန်းမြင့်တက်လာမှုနဲ့အတူ လယ်ယာသုံးသွင်းအားစုတွေ သုံးဆမက မြင့်တက်ခဲ့လို့ လယ်ယာလုပ်ငန်းခွင်ကို စွန့်ခွာတဲ့ တောင်သူတွေများပြားလာပြီး စပါးစိုက်ပျိုးတဲ့ဧကလျော့နည်းလာတာလို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

“ ဘိုးစဉ်ဘောင်ဆက် လယ်ယာလုပ်ငန်းကို လုပ်ကိုင်လာတဲ့ တောင်သူတွေအနေနဲ့ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ သွင်းအားစုဈေးတွေမြင့်တက်လာမှု ထွက်နှုန်းမကောင်းမှုတွေကြောင့် အရှုံးပေါ်တယ် နောက်ဆုံး ကြွေးတင်တော့ လယ်ယာမြေတွေရောင်းပေးရတယ် အဲ့တော့ ငါးကန်တွေများလာတယ်”လို့ ဒေသခံလယ်သမားကြီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စပါးစိုက်ပြီးနောက်ပိုင်း သွင်းအားစုတွေ လိုအပ်သလောက်ဝယ်မသုံးနိုင်တာကြောင့် စပါးထွက်နှုန်းမကောင်း ဖြစ်ပြီး စပါးဈေးကောင်းရချိန်မှာတောင် အရှုံးပေါ်သလို နောက်ဆုံးမှာ ငါးကန်တူးမယ်သူတွေကို လယ်ယာမြေ တွေရောင်းရတဲ့အထိ ဖြစ်လာတာလို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်ခွဲကျော်အကြာမှာ ဧရာဝတီတိုင်းအတွင်းက စပါးစိုက်ပျိုးဧကအများစုဟာ ငါးကန်မွေးမြူဖို့ ကန်တူးဖော်တာတွေနဲ့ မွေးမြူရေးခြံတွေအဖြစ် ပြောင်းလည်းလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#AyeyarwaddyTimes