ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၀ ရက်

ယူကရိန်းနိုင်ငံရဲ့မြို့တော် ကိယက်ဗ်မြို့ကို ပထမဆုံးအကြိမ် သွားရောက်တဲ့ ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူ နတ်ခ်က ယူကရိန်းသို့ စစ်ရေးအကူအညီ စတာလင်ပေါင် သန်း ၅၀ ပံ့ပိုးကူညီမယ်လို့ ကတိပြုလိုက်ပါတယ်။

မနေ့က ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ တွေ့ဆုံရာမှာ ဆူနတ်ခ်က စစ်ရေးအကူအညီသစ် ပေးအပ်မယ့် အစီအစဉ်ကို ကြေညာခဲ့တာဖြစ်ပါတယ်။

ဗြိတိန်က ယူကရိန်းသို့ပေးအပ်မယ့် စစ်ရေးအကူအညီထဲမှာ ရုရှားရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို တန်ပြန် နိုင်မယ့် လေယာဉ်ပစ်လက်နက်တွေနဲ့ ရေဒါတွေလည်း ပါဝင်ပါတယ်။ ဗြိတိန်က ယူကရိန်းသို့ လေယာဉ်ဖျက်ဒုံး ၁၀၀၀ ပေးအပ်မယ်လို့ ဒီလအစောပိုင်းမှာ ကြေညာခဲ့ပါသေးတယ်။

ယူကရိန်းက ခက်ခဲကြမ်းတမ်းသော ဆောင်းရာသီကို ရင်ဆိုင်နေရခြင်းကြောင့် မီးစက်တွေ၊ တာပေါ်လင် စတွေနဲ့ အခြားပစ္စည်းတွေ ထောက်ပံ့ဖို့လည်း ဆူနတ်ခ်က ကတိပြုခဲ့ပါတယ်။

စစ်ပွဲအတွင်း ဖျက်ဆီးခံခဲ့ရတဲ့ တံတားတွေ၊ နေအိမ်တွေ ပြန်လည်ပြုပြင်မယ့် စီမံကိန်းတွေကို ဗြိတိန်နိုင်ငံက ရှေ့ ဆက်ဆောင်ရွက်မယ်လို့ သူက ဆိုပါတယ်။

ဗြိတိန်နိုင်ငံရဲ့ ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ရှိပြီး ရုရှားတပ်ဖွဲ့တွေက ယူကရိန်းရှိ ဓာတ်ငွေ့ထုတ်လုပ်ရေး၊ ဓာတ်အားပေးစက်ရုံတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ စတင်ခဲ့တယ်လို့ ပူးတွဲသတင်းစာရှင်းလင်းပွဲ မှာ ဇီလန်စကီးက ပြောပါတယ်။

ရုရှားတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံရှိ အခြေခံအဆောက်အအုံ ထက်ဝက်ခန့် ပျက်စီး သွားပြီလို့ ဇီလန်စကီးက ပြောပါတယ်။

ဗြိတိန်နိုင်ငံက ယူကရိန်းသို့ စစ်ရေးအကူအညီ စတာလင်ပေါင် ၂ ဒသမ ၃ ဘီလီယံကျော် ပေးအပ်ပြီးဖြစ်ကာ လာမည့်နှစ်တွင် အကူအညီ ပိုမိုပေးအပ်မည်ဖြစ်ကာ နှစ်နိုင်ငံကြား စည်းလုံးညီညွတ်မှုကို အလေးထားပြော ကြားခဲ့ပါတယ်။

ဗြိတိန်ဟာ အမေရိကန်နိုင်ငံပြီးရင် ယူကရိန်းသို့ ဒုတိယအများဆုံး စစ်ရေးအကူအညီ ပံ့ပိုးကူညီတဲ့နိုင်ငံ ဖြစ်ပါတယ်။
ကိုးကား – NHK
Ref; British PM Sunak visits Kyiv, pledges additional military aid