ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၀ ရက်
အာဏာသိမ်းစစ်ကောင်စီအနေနဲ့ အာဆီယံမှာ ဂျင်းအကြိမ်ကြိမ်အထည့်ခံနေရတဲ့ စစ်ကောင်စီရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာလ ၁၈ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ခံပြောဆိုခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲတက်ရောက်လာသူတွေထဲက သတင်းထောက် ၁ ဦးက အာဆီယံကနေ ခွဲထွက်ဖို့ ရှိ မရှိ မေးမြန်းမှုအပေါ်မှာ ခုလိုမျိုး ဝန်ခံပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
“ ဟုတ်ပါတယ်၊ ကျွန်တော်တို့ ဂျင်းထည့်ခံနေရပါတယ်၊ ၁ ကြိမ်မကတော့ပါဘူး ၃ ကြိမ်လောက်ရှိပါပြီ”လို့ မေးခွန်းကို ဝန်ခံဖြေဆိုသွားပါတယ်။
ဘုံသဘောတူညီချက် ၅ ချက်၊ ရိုဟင်ဂျာအရေးနဲ့ အာရှ-ပစိဖိတ်မဟာဗျူဟာဖွဲ့ထားတဲ့ အဖွဲ့တွေကပါ ပူးပေါင်းပြီး စစ်ကောင်စီကို ဂျင်းထည့်နေကြတာလို့ ဆိုပါတယ်။
အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ချမှတ်ထားတဲ့အပေါ်မှာလည်း အမျိုးသားအကျိုးစီးပွား မထိခိုက်အောင် ဆက်လက်ကျင့်သုံးလိုက်နာသွားမှာလို့ ပြန်လည်ဖြေဆိုခဲ့ပြီး အာဆီယံကနေ မြန်မာနိုင်ငံခွဲထွက်ဖို့ မေးခွန်းနဲ့ ပတ်သက်ပြီး တည်တည်ကျကျဖြေဆိုတာမျိုးတော့ မရှိခဲ့ပါဘူး။