ဧရာဝတီတိုင်းမ်
(မုံရွာ)၊ နိုဝင်ဘာလ ၂၀ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ယနေ့နိုဝင်ဘာလ ၁၉ ရက် နံနက် ၉ နာရီဝန်းကျင်တွင် မုံရွာ-ချောင်းဦူလမ်းပိုင်းတွင် မိုင်းရှင်းလင်းရေးပြုလုပ်ရန်လာရောက်သည့် စစ်ကောင်စီတပ်များအား Monywa Peregrine PDFနှင့်ပူးပေါင်းတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် မုံရွာ(နမခ)မှထွက်လာသည့် အင်အား ၇၀ ဝန်းကျင်ပါ မိုင်းရှင်းလင်းရန်လာသည့်စစ်ကြောင်းအား မင်းရွာကျေးရွာအနီးတွင် ပဒေသာမိုင်းများဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားအများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

“မိုင်းရှင်းတာကတော့ သူတို့ကိစ္စရှိမှဒီလိုရှင်းလင်းရေးထွက်လုပ်တာပါ။ ခြေလျင်ရော ကားနဲ့ရော စစ်ကြောင်းဖြန့်ပြီးလာကြတာ။ မိုင်းဆွဲခံရ‌ေတာ့ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ရော လက်နက်ငယ်တွေနဲ့ရောပြန်ပစ်ကြတယ်။ ကျွန်တော်တို့ဘက်ကထိခိုက်မှုမရှိပါဘူး” ဟု Monywa Peregrine PDFတာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုအတွင်း မြေပြင်အခြေအနေများကြောင့်အတည်ပြုနိုင်ချင်းမရှိသော်လည်း ဒဏ်ရာရတပ်သားများအား နာရေးကား ၃ စီးဖြင့် လာရောက်ခေါ်ဆောင်သွားသည်ဟု မျက်မြင်တွေ့ရှိသူအချို့က ဆိုသည်။

Monywa Peregrine PDFအဖွဲ့သည် နိုဝင်ဘာလ ၆ ရက်‌ကလည်း ဆာလင်းကြီးရဲစခန်းအား မဟာမိတ်အဖွဲ့များနှင့်ပူးပေါင်း၍ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သေးကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။

#မုံရွာ #မိုင်းရှင်း #စစ်ကောင်စီ #မိုင်းဆွဲတိုက်ခိုက်ခံရ
#Ayeyarwaddy_Times