ကိုကိုလေး/ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၉ ရက်

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ ဂရက်ရှည်ကျေးရွာမှာ ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကို စစ်ကောင်စီတပ်တွေက နိုဝင်ဘာလ ၁၈ ရက် မနေ့ နေ့လည် ၂ နာရီဝန်းကျင်က ဝင်ရောက်ဖမ်းဆီးခဲ့တယ် လို့ ဒေသ ခံတွေထံက သိရပါတယ်။

အဲ့ဒီ လောင်းကစားဝိုင်းတွေဟာ နယ်မြေခံရဲနဲ့ နယ်ထိန်းရဲကို လိုင်းကြေးပေးပြီး ပြုလုပ်တဲ့ လောင်း ကစားဝိုင်းတွေဖြစ်ပြီး ဂျင်ဝိုင်း၊ ကြက်ဝိုင်း၊ ဖဲဝိုင်း အပြင် အခြားလောင်းကစားတွေပါ ထည့်သွင်းပြုလုပ်ကြတာဖြစ်တယ် လို့ ဒေသခံတွေကပြောပါတယ်။

“လောင်းကစားဝိုင်းပြုလုပ်နေတဲ့အချိန်မှာပဲ မနေ့က စစ်တပ်ကဝင်ဖမ်းတာ။ ရဲတွေကို ယုံပြီးလုပ်ကြတာပေါ့။ ပိုက်ဆံမစားရတဲ့ တခြား ရဲတွေနဲ့ စစ်တပ်နဲ့ပေါင်းပြီးပြန်ဖမ်းကြတာ။ အဖမ်းခံရသူလည်းများတယ် ကျုံပျော်နယ်မှာက လောင်းကစားဝိုင်းတွေက ဖမ်းနေပေမယ့် တွင်တွင်ကျယ်ကျယ်လုပ်နေကြတာပါပဲ” လို့ ဒေသခံတစ်ဦးက ဧရာဝတီတ်ိုင်းမ်ကိုပြောပါတယ်။

လောင်းကစားဝိုင်းတွေ ဖမ်းဆီးခံရတာနဲ့ပတ် သက်လို့ လောင်းကစားဝိုင်းတွေကနေလိုင်းကြေးယူထားတဲ့ နယ်မြေခံရဲနဲ့နယ်ထိန်းရဲက မကျေနပ်မှုတွေဖြစ်နေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

အဲဒီလောင်းကစားလောင်းဝိုင်းကို ကျုံပျော် မြို့နယ်မှူးနဲ့စစ်ကောင်စီတို့ ပူးပေါင်းကာ ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်ပြီး လူ ၂၀ ကျော်ဖမ်းဆီးခံရကာ အဖိုးတန်ဆိုင်ကယ်တွေကို စစ်တပ်က ဖောကား ၂ စီးနဲ့ ကျုံပျော်ရဲစခန်းကို တင်ဆောင်သွားတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

စက်တင်ဘာလအတွင်းကလည်း ကျုံပျော်မြို့၊ ခဲပေါင်တံတားအနီးက ဆန်စက်၀န်းထဲမှာ ပြုလုပ်တဲ့ လောင်းကစားဝိုင်းကို စစ်ကောင်စီတပ်ဖွဲ့၀င်တွေက သေနတ်နဲ့ပစ်ခတ်ပြီးဖမ်းဆီးရာက အမျိုးသားတစ်ဦး သေနတ်ထိမှန်ပြီးသေဆုံးမှု ဖြစ်ပွားခဲ့ပါသေးတယ်။

#ကျုံပျော် #လောင်းကစားဝိုင်း #ဖမ်းဆီးမှု #နယ်ထိန်းရဲ #မကျေနပ် #Ayeyarwaddy_Times