ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၉ ရက်
အမျိုးသားညီညွတ်ရေးအစိုး -NUG ၏ တရားရေးဝန်ကြီးဌာန MOJ မှ ဥပဒေစိုးမိုးရေးနှင့်အသွင်ကူးပြောင်းရေးကာလတရားမျှတမှုဆိုင်ရာဦးစီးဌာနအား အသစ်တိုးချဲ့ဖွဲ့စည်းလိုက်ကြောင်း နိုဝင်ဘာလ ၁၃ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။
တရားဥပဒေစိုးမိုးရေးနှင့် အသွင်ကူးပြောင်းရေး ကာလတရားမျှတမှုဆိုင်ရာဦးစီးဌာနအနေဖြင့် ကြားကာလအတွင်း တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းစဉ်များကို ကြိုးပမ်းအားထုတ် ဆောင်ရွက်သွားမည်ဟု သိရသည်။
အဆိုပါ ဦးစီးဌာန၏လုပ်ငန်းစဉ်များဖြစ်သော စစ်ကောင်စီ၏အကြမ်းဖက်မှုများစစ်တမ်းကောက်ယူခြင်း၊ စစ်ဘက် ဆိုင်ရာဥပဒေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆိုင်ရာဥပဒေများ၊ စစ်ဘက်ဆိုင်ရာအမှုများနှင့်စပ်လျဉ်းသည့် လုပ်ငန်း စဉ်တွင်ပူးပေါင်းထောက်ကူခြင်း၊ ဥပဒေအသိပညာပေးခြင်း၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များနှင့် ပြည်သူတို့၏ နစ်နာမှုများအား အကာအကွယ်ပေးခြင်း၊ ပြန်လည်ကုစားပေးခြင်းတို့ကို ဖော်ဆောင်ကြရမည်ဖြစ်ကြောင်း သိရသည်။
ပြည်သူများအနေဖြင့် မိမိတို့နယ်မြေဒေသများအတွင်း ဖြစ်ပွားလျက်ရှိသော စစ်ကောင်စီ၏အကြမ်းဖက် မှုလုပ်ရပ်များအားလည်းကောင်း၊ လက်နက်ကိုင်အစုအဖွဲ့များ၏ မတော်မတရားပြုကျင့်မှုများအားလည်းကောင်းထိခိုက်နစ်နာမှုများဆုံးရှုံးမှုများအားလည်းကောင်း၊ ဖြစ်စဉ်အကျိုးအကြောင်း မှတ်တမ်းအထောက်အထားများနှင့် တကွ ယုံကြည်စိတ်ချစွာဖြင့် ပေးပို့အကြောင်းကြားခြင်းဖြင့် ပူးပေါင်းပါဝင်ပေးကြစေလိုသည်ဟု ထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်။
“ကျနော်တို့ ဌာနကို ၂၄ နာရီ တိုင်တန်းလို့ရတယ်။ Telegram၊ Signal၊ Email စတာတွေကနေ မည်သူမဆို မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းကမဟူ ပြည်သူ့အခွင့်အရေးနဲ့ ပြည်သူကို ဥပဒေအရ အကာအကွယ်ပေးထားတာတွေကို ချိုးဖောက်ခံရတယ်ဆိုရင် တိုင်ကြားပါ။ တိုင်တဲ့သူတွေကို ကျနော်တို့က အပြည့်အဝ အကာကွယ်ပေးပါတယ်”ဟု အသွင်ကူးပြောင်းရေးကာလတရားမျှတမှုဆိုင်ရာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးလက်ယာက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပေးပို့သူများ၏ သတင်းအချက်အလက်လုံခြုံမှုကို အထူးအလေးထား ဆောင်ရွက်သွားကြမည်ဖြစ်ပြီး ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်း ထုတ်ပြန်ကြေညာထားသည်။
#NUG #တရားဥပဒေစိုးမိုးရေးနှင့်အသွင်ကူးပြောင်းရေးကာလတရားမျှတမှုဆိုင်ရာဦးစီးဌာန #တိုးချဲ့ဖွဲ့စည်း
#Ayeyarwaddy_Times