ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၉ ရက်
ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ၃၈ လမ်း (အလယ်ဘလောက်)တွင် ယမန်နေ့ နိုဝင်ဘာလ ၁၈ ရက် ည ၆ နာ ရီ ၁၀ မိနစ် အချိန်က အမျိုးသား ၁ ဦး ဓားဖြင့်ထိုးသတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့လည်နေရာဖြစ်သည့် ကျောက်တံတားမြို့နယ်၊ ၃၈ လမ်းတွင် အသက် ၃၀ အရွယ်ခန့်အမျိုးသားတစ်ဦး ဓားဖြင့်ထိုးခံရသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ရာ အရေးပေါ်ဌာနတွင် သေဆုံးသွားကြောင်း ကူညီပို့ဆောင်ပေးခဲ့သူတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ကို အကြောင်းကြားလို့သွားတော့ သွေးတွေက တအားထွက်နေတာ။ ပစ္စည်းတွေလည်းလုခံထားရတဲ့ ပုံစံမဟုတ်ဘူး။ ဘယ်လိုကြောင့်ဆိုတာတော့ သေချာမသိရဘူး”ဟု အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အနီးရှိ မျက်မြင်တွေ့သူတစ်ဦးမှ “အဲဒီကောင်လေးက မုန့်ဟင်းခါးစားနေတာ။ ဓားနဲ့လူကရောက်လာပြီး ထိုးသွားတာ။ အတင့်ရဲလွန်းပါတယ် လူတွေလည်းများကြီးရှိနေတာ။ တခုခုဖြစ်ထားလို့လားတော့မသိဘူး”ဟု ပြော သည်။
ကျူးလွန်သူတရားခံကို ယမန်နေ့ ညပိုင်းကပင် ဖမ်းဆီးရမိထားကြောင်း သိရှိရသော်လည်းသီးခြား အတည်ပြု၍ မရသေးပါ။