ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃ ရက်
အာဏာသိမ်း စစ်ကောင်စီက နယ်စပ်ကုန်သွယ်ရေးများတွင် တရုတ်နယ်စပ်၌ တရုတ်ယွမ်ငွေ၊ ထိုင်းနယ်စပ်တွင် ထိုင်းဘတ်ငွေတို့ဖြင့် ငွေပေးချေ ကုန်သွယ်ခွင့်ပြုထားကြောင်း သိရသည်။
သို့သော် လက်ရှိတါင် စစ်ကောင်စီတွင် ကန်ဒေါ်လာ လိုအပ်ချက်များစွာရှိနေသဖြင့် ပြည်ပသို့ တင်ပို့နေသော
ဆန်၊ ပဲ၊ ပြောင်း၊ ဆီထွက်သီးနှံစသည့် ကုန်ပစ္စည်း ၄ မျိုးကို ယွမ်နှင့်ဘတ်အစား ကန်ဒေါ်လာဖြင့်သာ ငွေပေးချေကုန်သွယ်ရန် စစ်ကောင်စီက ထပ်မံညွန်ကြားခဲ့ခြင်း ဖြစ်သည်။
”သူတို့ပြောတာကတော့ နယ်စပ်နိုင်ငံတွေရဲ့ငွေနဲ့ တိုက်ရိုက်ငွေပေးချေတာမှာ ပို့ကုန်တွေရဲ့ ဈေးနှုန်းကို သူတို့က သတ်မှတ်ထားတဲ့အတွက် တခြားကုန်သွယ်မှုတွေနဲ့ တပြေးညီဖို့ ဒေါ်လာပဲ သုံးရမယ်ဆိုပြီး ညွှန်ကြားလာတာ။ အမှန်ကတော့ သူတို့မှာ ဒေါ်လာလိုအပ်ချက် များနေလို့ ဒေါ်လာမရ၊ ရအောင်ကို လုပ်နေတာလို့ ကျနော်တို့ မြင်တယ်”ဟု တရုတ် – မြန်မာနယ်စပ်ရှိ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီက ပြည်တွင်း စားသုံးဆီဖူလုံရေးအကြောင်းပြချက်ဖြင့် ဆီထွက်သီးနှံများ ပြည်ပ တင်ပို့ခြင်းအား မေလဆန်းကတည်းက ပိတ်ပင်ထားသည်။ ပြည်ပဈေးကွက်ရှိနေသဖြင့် မန္တလေးတိုင်း ပဲဈေးကွက်အတွင်း မတ်ပဲဈေးနှုန်းများလည်း ဆက်လက်မြင့်တက်နေကြောင်း သိရသည်။
ဒေါ်လာငွေလဲနှုန်း မတည်ငြိမ်ခြင်း၊ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေခြင်း၊ ညွန်ကြားချက်များ မကြာခဏ ပြောင်းလဲနေခြင်းနှင့် ကုန်သွယ်ရေးရငွေများကို စစ်ကောင်စီက တင်းကြပ်စွာ ထိန်းချုပ်နေခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေးတွင် ကုန်သည်များ အခက်တွေ့နေကြောင်း သိရသည်။
”အခုချိန်မှာ ဗဟိုဘဏ်က ဒေါ်လာ့ထုတ်ရောင်းတာ မရှိဘဲနဲ့ သူတို့ထဲ မဝင်၊ ဝင်အောင် ပြန်တင်းကြပ်နေတာ။ ဒီအချက်က သူတို့လက်ထဲ ဒေါ်လာမရှိတော့ဘူးလို့ပဲ ယူဆရတော့မယ်။ ဗဟိုဘဏ်ကိုလည်း စစ်တပ်ပဲ ထိန်းချုပ်ထားတယ်။ ကုန်သွယ်ရေးကိုလည်း သူတို့ပဲ ချုပ်ကိုင်လိုက်တယ်။ အဲ့ဒီတော့ ကျနော်တို့ ပြင်ပ စီးပွားရေး သမားတွေမှာ သူတို့စီမံတဲ့အတိုင်း တရက်နဲ့တရက်တောင် စီမံခန့်ခွဲရတာ အခက်တွေ့ရတယ်။ ဈေးကွက်စီးပွားရေးစနစ်ကို တကယ်တိတိကျကျ အကောင်အထည် ဖော်နေတယ်လို့ သူတို့ပါးစပ်က ပြောနေပေမယ့် အရာအားလုံး သူတို့လိုအပ်ချက်အပေါ်မှာ မီးစင်ကြည့်ကနေရတယ်”ဟု ရန်ကုန်မြို့၊ ဘုရင့်နောင်ပွဲရုံမှ ကုန်သည်တဦးက ပြောသည်။
စစ်ကောင်စီလက်အောက်ရှိ နိုင်ငံတော် ဗဟိုဘဏ်သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်အတွင်း မြန်မာကျပ်ငွေတန်ဖိုး ဆိုးရွားစွာကျဆင်းနေသဖြင့် အမေရိကန်ဒေါ်လာ ၁၀ သန်းမှ ၂၅ သန်းအထိ အကြိမ်ကြိမ် ထုတ်ရောင်းပေးခဲ့သော်လည်း ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှ ယနေ့အချိန်အထိ ကန်ဒေါ်လာများ ထုတ်ရောင်းပေးခြင်း မရှိတော့ပေ။
ထို့ပြင် လုပ်ငန်းရှင်များအနေဖြင့် ပြည်ပို့ကုန်လုပ်ငန်းများမှ ရရှိလာသော ကန်ဒေါ်လာများကို ၄၅ ရက်အတွင်း ပို့ကုန်ဝင်ငွေကို ဗဟိုဘဏ်သို့ ပေးသွင်းရမည်ဖြစ်ကာ ဗဟိုဘဏ်ခွင့်ပြုချက်ဖြင့်သာ ကန်ဒေါ်လာ သုံးစွဲရမည်ဟူသော တင်းကြပ်သည့်ညွန်ကြားချက်များ ထုတ်ပြန်ခဲ့သဖြင့် ပြည်တွင်းရှိ ကန်ဒေါ်လာ သုံးစွဲ၍ အလုပ်လုပ်နေကြသော ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များအားလုံး အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရသည်။
နိုင်ငံရေးသုတေသီတချို့ကမူ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ရုရှားနိုင်ငံမှ စစ်လက်နက်ပစ္စည်းများ အကြွေးဖြင့် ဝယ်ယူထားပြီး ရုရှားမှ ယူကရိန်းသို့ စစ်ရေးအရ ကျူးကျော် တိုက်ခိုက်ချိန်တွင် ယင်းအကြွေးများကို ရုရှားမှ ပြန်တောင်းခဲ့ကြောင်း၊ ဗဟိုဘဏ်ရှိ နိုင်ငံခြား အရံငွေ ကန်ဒေါ်လာများကို ရုရှားသို့ အကြွေးဆပ်လိုက်ရသဖြင့် ဗဟိုဘဏ်၌ ကန်ဒေါ်လာနည်းပါးသွားပြီး ပြန်လည်ဖြည့်တင်းရန် နည်းမျိုးစုံနှင့် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သုံးသပ်ပြောဆိုကြသည်။