ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၈ ရက်

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်နယ်စပ်ဒေသရှိ စစ်ဘေးရှောင်စခန်းများ၌ ယခုဆောင်းရာသီအတွက် အနွေးထည်များမရှိသလောက်နည်းပါးနေသည့်အတွက် လှူဒါန်းမှုများ လိုအပ်နေကြောင်း စစ်ဘေးရှောင်စခန်းများအတွက် ထောက်ပံ့ကူညီပေးနေသူများထံမှ သိရသည်။

“ခုကစခန်းကို Site 1၊ Site2 ဆိုပြီးခွဲထားတယ်။ Site1မှာက လူဦးရေ ၁၉၀၀ ကျော်ရှိတယ်။ Site 2မှာကလူဦးရေ ၆၀၀ကျော်ရှိတယ်။ အဓိကဒီဆောင်းရာသီအတွက်က ‌အနွေးထည်တွေမလုံလောက်ဘူး။ မလုံလောက်တာထက်အနွေးထည်တွေကမရှိသလောက်ကိုဖြစ်နေတာပါ။ စောင်တွေကတော့ရှိပါတယ်။ အဓိကကသက်ကြီးရွယ်အိုတွေနဲ့ခလေးငယ်တွေအတွက် အနွေးထည်လိုပါတယ်” ဟု စစ်ရှောင်စခန်းအကူညီပေးနေသည့်သူတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ဖလူးလေး၊ ဖလူးကြီး၊ ထီးမယ်ဝါးခီး၊ ပဟိကလော်၊ သေ့ဘောပိုး၊ ကျောက်ခတ်အချိန်ရှိ ဒေသခံပြည်သူများမှာ အာဏာသိမ်းပြီးကာလမှစ၍ စစ်ကောင်စီတပ်များမှထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် စစ်ဘေးရှောင်တိမ်းနေရကြောင်း သိရသည်။

ဆောင်းရာသီကာလအတွင်း အအေးပိုလာသည့်အတွက် သက်ကြီးရွယ်အိုများနှင့်ခလေးငယ်များအတွက် အနွေးထည်များလိုအပ်လာပြီးလုံလောက်မှုမရှိကြောင်း သိရသည်။

ထို့​အပြင် စစ်ဘေးရှောင်စခန်းများတွင် ငှက်ဖျား၊ ကိုဗစ် အစရှိသည့် ကူးစက်ရောဂါများသာမက အရေပြားဆိုင်ရာကူးစက်ရောဂါများပါ မကြာခဏဆိုသလိုဖြစ်ပွားလေ့ရှိပြီး ဆေးဝါးလိုအပ်ချက်အား Karen Department of Health and Welfareမှအဓိက ထောက်ပံ့ကူညီပေးနေကြောင်း သိရသည်။

“ဆေးဝါးကတော့အသင့်တင့်ပြည့်စုံပါတယ်၊ လိုအပ်တာကတော့ ဆီးချို၊ ကင်ဆာအဲ့ဒီလိုမျိုး နာတာရှည်ရောဂါအတွက်ဆေးဝါးလိုအပ်ချက်ကအတော်မြင့်မားပါတယ်၊ စားနပ်ရိက္ခာမှာလည်း ဆန်ကလုံလောက်ပေမဲ့ ရိက္ခာခြောက်ကတော့မြေပြင်မှာတကယ့်လိုအပ်ချက်ဖြစ်နေပါသည်၊ အသီးရွက်၊အသား၊ငါး အလှူရှင်တွေလည်းရှိပေမဲ့ ငွေကြေးအခက်အခဲကြောင့် ရိက္ခာခြောက်များဝယ်ယူနိုင်ခြင်းမရှိပါဘူး”ဟု အဆိုပါစစ်ဘေးရှောင်စခန်းမှ ဒေသခံတစ်ဦး ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ‌စစ်ဘေးရှောင်ဦးရေ ၁၆၅၀၆၁၁ ဦးအထိရှိခဲ့ပြီး ကရင်ပြည်နယ်အတွင်း ၁၂၉၉၈၆ ဦးအထိရှိကြောင်း ISP Myanmar၏ ထုတ်ပြန်ချက်အရသိရပါသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#ကရင် #စစ်ဘေးရှောင် #ဆောင်းရာသီ.
#အနွေးထည် #လိုအပ်
#Ayeyarwaddy_Times