ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၆ ရက်

စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲကို လုံးဝလက်ခံမည် မဟုတ်ကြောင်း နှင့် ထိုရွေးကောက်ပွဲတွင် ပြည်သူများ ပူးပေါင်း ပါဝင်မှု မပြုလုပ်ရန် Chinland Joint Defance Commitee (CJDC) က တိုက်တွန်းလိုက်သည်။

ချင်းလဲန်း ပူးတွဲ ကာကွယ်ရေး ကော်မတီ (CJDC ) ပဉ္စမ အကြိမ်မြောက် အစည်းအဝေးကနေ တိုက်တွန်းလိုက်ခြင်း ဖြစ်ကြောင်း CJDC ၏ နိုဝင်ဘာလ ၁၁ ရက်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုဝင်ဘာလ ၃ ရက်မှ ၇ ရက်အထိ CJDC ရုံးတွင်ကျင်းပသော ပဉ္စမ အကြိမ်မြောက် CJDC အစည်းအဝေးမှ ထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

CJDC အနေဖြင့် ဒီမိုကရေစီနှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲစနစ်ကိုသာ လက်ခံသည်ဖြစ်၍ စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲသည် ၎င်းတို့ အာဏာဆက်လက် ထိန်းသိမ်းနိုင်ရေး အတွက် ဖြစ်သောကြောင့် CJDC အနေဖြင့် လုံးဝလက်ခံမည် မဟုတ်ကြောင်းလည်း ဆိုသည်။

“လက်ရှိမှာ ချင်းပြည်နယ်ရဲ့ နယ်မြေ ဒေသ အများစုကို သက်ဆိုင်ရာ နယ်မြေ ကာကွယ်ရေး အဖွဲ့ရဲ့ လက်အောက်မှာ ရှိနေပြီ ဆိုတော့ စကစ ဘက် ပါဝင် ပူးပေါင်းတာ မလုပ်ဖို့ ပြည်သူတွေကို တိုက်တွန်း ချင်တယ်။ ပြီးတော့ ချင်းပြည်နယ်ရဲ့ မြို့ပေါ်တွေမှာ စကစ ဘက်က ရွေးကောက်ပွဲ လုပ်လာရင်လည်း အတတ်နိုင်ဆုံး ဟန့်တားသွားမယ်” ဟု CJDC အဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

ထို့ပြင် အာဏာသိမ်း စစ်ကောင်စီကို တိုက်ခိုက်နေစဉ် နိုင်ငံ‌ရေး မတည်မငြိမ်ဖြစ်နေသည့် အခြေအနေကို အခွင့်ကောင်း ယူပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အထိန်းအကွပ်မဲ့ ‌ရောင်းဝယ် ဖောက်ကားမှုများ ရှိလာ သည်ကိုလည်း CJDC အနေဖြင့် ချင်းပြည်နယ် အတွင်း မူးယစ်ဆေးဝါးများ ထုတ်လုပ်ခြင်း၊ ရောင်းဝယ် ဖောက်ကားခြင်းနှင့် သူံးစွဲခြင်းများ တားမြစ်ပိတ်ပင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိပါသည်။

“နိုင်ငံရေးက မတည်ငြိမ်တော့ လူတိုင်းက စီးပွားရေးဘက်မှာရော ဘက်စုံခက်ခဲတဲ့ အနေအထားနဲ့ ကြုံနေကြတာ။ ဒါပေမယ့် ဒါကို အခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါများ ရောင်းဝယ်ဖောက်ကားတာတွေ ရှိလာတယ်။ အဲ့ဒါကို CJDC အနေနဲ့ လုံဝတားမြစ်တာ ဖြစ်တယ်။ ပြီးတော့ မီဇိုးရမ်ဘက်မှာလည်း တော်တော်များများက မြန်မာပြည်ဘက်က မူးယစ်ဆေးဝါးများ ရောင်းချလို့ အဖမ်းခံထားရတာတွေလည်း ရှိလာတယ်။ ရေရှည်မှာ မိဇိုးရမ်က စစ်ဘေးရှောင် ပြည်သူများ အတွက် အဆင်မပြေမှုတွေ ရှိလာနိုင်တယ်”ဟုလည်း အထက်ပါ CJDC အဖွဲ့ဝင်က ပြောသည်။

CJDC အနေဖြင့် ချင်းပြည်နယ်အတွင်း မူးဘစ်ဆေးဝါများ ထုတ်လုပ် ရောင်းဝယ်ဖောက်ကားခြင်းကို ဟန့်တားမှု အပြင် အိန္ဒိယ နယ်စပ်ဖြစ်သည့် မီဇိုးရမ်ဘက်မှ သယ်ယူပို့ဆောင် ရောင်းဝယ်မှုများကိုလည်း တားမြစ်ထားကြောင်း သိရသည်။

ထို့ကြောင့် CJDC က ထုတ်ပြန် တားမြစ်ချက်များကို လိုက်နာခြင်းမရှိဘဲ ချိူးဖောက်မှုများ ပြုလုပ်ပါက ပြင်းထန်စွာ အရေးယူသွားမည် ဖြစ်သည်ဟုလည်း ဆိုသည်။

Chinland Joint Defance Commitee (CJDC) အဖွဲ့ကို ချင်းလဲန်း ပူးတွဲ ကာကွယ်ရေး ကော်မတီ ဟု ခေါ်ပြီး ကလေး၊ ဂန့်ဂေါ အပါအဝင် ချင်းပြည်နယ် အတွင်းက ကာကွယ်ရေး တပ်ဖွဲ့များ ပူးပေါင်း ဖွဲ့စည်းထားသည့် အဖွဲ့ ဖြစ်ကြောင်း သိရသည်။

နိုင်ငံတဝန်း ပါတီစုံ အထွေထွေ ရွေးကောက်ပွဲသစ်ကို လာမည့် ၂၀၂၃ ခုနှစ် သြဂုတ်လ အတွင်း ကျင်းပမည် ဖြစ်ကြောင်း စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထုတ်ပြန်ပြောဆိုထားသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (NLD) က မဲမသမာမှုများ ပြုလုပ်သည်ဟူသော အကြောင်းပြချက်နှင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်ကောင်စီက မတရားသဖြင့် နိုင်ငံ့ အာဏာကို သိမ်းယူလိုက်သည်။

ထိုသို့ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း ဆန့်ကျင် ဆန္ဒပြမှုများ ပေါ်ပေါက်လာရာ စစ်ကောင်စီ၏ လက်နက်ကိုင် တပ်ဖွဲ့ဝင်များက အကြမ်းဖက် ဖြိုခွဲ သတ်ဖြတ်ခြင်းများကြောင့် လက်ရှိ အချိန်အထိ လက်နက်ကိုင် ဆန့်ကျင် တော်လှန်မှုများ ဖြစ်ပွားနေခြင်းလည်း ဖြစ်သည်။

#ချင်း #စစ်ကောင်စီ #CJDC #ရွေးကောက်ပွဲ
#Ayeyarwaddy_Times