ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၅ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ နိုဝင်ဘာလ ပထမပတ်လောက်ကစတင်ပြီး စစ်ကောင်စီတပ်သားတွေက တော်လှန်ရေးအင်အားစုတွေကို ထောက်ပံ့ပေးတဲ့လူငယ်တွေကို ရှာဖွေဖမ်းဆီးတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တော်လှန်ရေးအင်အားစုတွေကို ထောက်ပံ့ဖို့အတွက် ဖွဲ့ထားတဲ့ Viber Group ရှိတဲ့ လူငယ် ၁ ဦးကို ဖမ်းမိ ရာနေ နောက်ထပ်လူငယ်တွေကို စစ်ကောင်စီက လိုက်လံရှာဖွေဖမ်းဆီးနေတာလို့ ဒေသခံတွေက ပြောပါတယ်။

“ တပတ်လောက်အတွင်းမှာ အဖမ်းခံရတာ ၅ ဦးလောက်ရှိပြီ အရင်ဆုံး အဖမ်းခံရတဲ့ ကလေးဆီက viber ဂရုကို တွေ့သွားတာ အဲ့အထဲမှာ ပါတဲ့ကလေးတွေကို လိုက်ဖမ်းတာ” ဖမ်းဆီးခံရတဲ့မိသားစုဝင်နဲ့ နီးစပ်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ်တွေက အသက်မပြည့်သေးတဲ့ လူငယ်တွေအများဆုံးဖြစ်ပြီး တက္ကသိုလ် ကျောင်းသားတွေနဲ့ အထက်တန်းပြီးလို့ ကျောင်းတက်ဖို့စောင့်နေတဲ့ လူငယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ် ၅ ဦးထဲမှာ အမျိုးသမီးငယ် ၂ ဦးပါ ပါဝင်နေပြီး ခုချိန်ထိ ဘယ်နေရာမှာ ဖမ်းဆီး စစ်ဆေးနေတယ်ဆိုတာ မသိရသေးသလို မိသားစုနဲ့လည်း အဆက်သွယ်မရရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။