
အောင်မြသန်း/ဧရာဝတီတိုင်းမ်
(မအူပင်)၊ နိုဝင်ဘာလ ၁၅ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေပေါင်းပြီး ဒေသခံပြည်သူတွေရဲ့ ဆိုင်ကယ်ကို ဖမ်းဆီးကာ ဆိုင်ကယ် ၁ စီးကို အနည်းဆုံး ၂ သောင်းကနေ ၃ သောင်းကြား ဒဏ်ရိုက်တာ တွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်သားတွေနဲ့ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက ယာဉ်စည်းကမ်းထိန်းသိမ်းနဲ့အနေနဲ့ ဆိုင်ကယ်တွေဖမ်းဆီးတာမျိုးမဟုတ်တော့ဘဲ စီးပွားဖြစ်ငွေရှာတဲ့ပုံစံမျိုး ဆိုင်ကယ်ဖမ်းတာတွေပြုလုပ် လာတာလို့ ဒေသခံတွေက ပြောပါတယ်။
“ ယာဉ်ထိန်းရဲတွေ ဆိုင်ကယ်ဖမ်းတာလည်းရှိတယ် ခုက ရဲစခန်းက ရဲအုပ် ဇော်လွင်နဲ့ သူ့လက်အောက်က နယ်ထိန်းတွေကပါ စစ်ကောင်စီတပ်သားတွေနဲ့ပေါင်းပြီး ဆိုင်ကယ်တွေဖမ်းစီးပွားရှာနေကြတာ”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
အရင်ကလည်း မအူပင်မြို့က ယာဉ်စစ်ဆေးဖမ်းဆီးတာမျိုးတွေရှိပေမယ့် စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ ပေါင်းပြီး မြို့ကိုပတ်ဖမ်းတာကြောင့် နိုဝင်ဘာလ ၁၄ ရက်နေ့ တစ်နေ့ထဲမှာတင် ဆိုင်ကယ် အစီးရေ ၆၀ ကျော်လောက်ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ဆိုင်ကယ်တွေကို စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက ဆိုင်ကယ် ၁ စီးကို ဒဏ်ငွေ ၅ သောင်းကျပ်တောင်းယူပြီး တရားရုံးကို ဆိုင်ကယ်ဖမ်းဆီးရမိမှု ၇ မှုသာပြန်လည်တင်ပြခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့အသိုင်းဝိုင်းက သိရပါတယ်။
#မအူပင် #စစ်ကောင်စီ #ရဲ #ဆိုင်ကယ် #ငွေတောင်း
#Ayeyarwaddy_Times