ဟိန်းစံ/ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၂ ရက်

မွန်ပြည်နယ်၊ မုဒုံမြို့ဂေါက်ကွင်းအတွင်းမှာ စစ်ကောင်စီလေတပ်ရဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ် MI 35 ၁ စီး ရပ်တန့်စက်ပြုပြင်နေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဒီကနေ့ မနက်ပိုင်း ချောင်းနှစ်ခွရဲစခန်းစီးနင်းခံရပြီးတဲ့နောက် လိုက်လံပစ်ခတ်ခဲ့တဲ့ ရဟတ်ယာဉ် ၂ စီးအနက်က ၁ စီးဖြစ်ပြီး ဒီမနက် ၉ နာရီလောက်ကနေ ညနေပိုင်းအထိ မုဒုံဂေါက်ကွင်းအတွင်းမှာ ရပ်တန့်ပြီးစက်ပြုပြင်နေ တယ်လို့ဒေသခံတဦးကပြောပါတယ်။

”မနက်ကထဲက အဲ့ဒီအထဲမှာ အဲ့ဟက်စကီး ၁ စီး ဆင်းလာပြီးရပ်ထားတာ၊ အစက ခနဆင်းတယ်ထင်နေတာ။ နောက်တော့မှပျက်လို့ပြင်နေတာလို့သိရတယ်။ တခါမှဂေါက်ကွင်းထဲဆင်းမလာဖူးဘူး ။ ခုမှပျက်လို့ ဆက်ပြီးမောင်းမရလို့ရပ်ထားတာ။ ညနေအထိ အဲ့ဒီထဲမှာဘဲရှိသေးတယ်။ ဂေါက်ကွင်းထဲကို ဘယ်သူ့ မှပေးမဝင်ဘူး၊ ဝင်အကြည့်မခံဘူး။ ဂေါက်ကွင်းတဝိုက်လည်းလုံခြုံရေးတွေတိုးထားတယ်” လို့ မုဒုံမြိုခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ဒီကနေ့ မနက်ချောင်းနှစ်ခွရဲစခန်း စီးနင်းတိုက်ခိုက်ခံရပြီးတဲ့နောက် မနက် ၇ နာရီခွဲဝန်းကျင်လောက်က စလို့ စစ်ကောင်စီတပ်က ချောင်းနှစ်ခွရွာနဲ့အနီးတဝိုက်ကို MI 35 အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ လိုက်လံပစ်ခတ်ခဲ့လို့ ဒေသခံ ထောင်နဲ့ချီပြီးထွက်ပြေးတိမ်းရှောင်နေတာဖြစ်ပါတယ်။

အဲ့ဒီ ရဟတ်ယာဉ်တွေဟာ မော်လမြိုင်အခြေစိုက် စစ်ကောင်စီတပ်ရဲ့အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ) အတွင်းမှာထားရှိတဲ့ရဟတ်ယာဉ်တွေလို့ ရတခ လက်အောက်တပ်ရင်းတွေကနေ CDM ပြုလုပ်လာတဲ့ တပ်မတော်သားတွေဆီကသိရပြီး ရတခ အတွင်းကနေ မကြာခဏ ရဟတ်ယာဉ်အချို့ အတက်အဆင်း တွေလုပ်တာရှိတယ်လို့ မော်လမြိုင်ဒေသခံတွေဆီကသိရပါတယ်။

ဓာတ်ပုံ – စစ်ကောင်စီလေတပ်သုံး MI 35 အမျိုးအစားတိုက်ခိုက်ရေးရ ဟတ်ယာဥ် ၁ စီး။