
ဧရာဝတီတိုင်းမ်
(ဇင်းကျိုက်)၊ နိုဝင်ဘာလ ၁၀ ရက်
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ကွမ်းခြံကုန်းရပ်ကွက်တွင် ယနေ့ နိုဝင်ဘာလ ၁၀ ရက် မနက် ၃ နာရီဝန်းကျင်အချိန်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မနက် ၃နာရီခွဲအချိန်က မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဇင်းကျိုက်မီးသတ်၊ ပေါင်မီးသတ်နှင့် လူမှုကယ်ဆယ်ရေးအသင်းများမှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ မနက် ၅ နာရီဝန်းကျင်တွင် မီးထိန်းနိုင်ခဲ့ကြောင်း နေအိမ် ၈ လုံးမီးလောင်ကျွမ်းခဲ့ကြောင်း ဇင်းကျိုက်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
“မီးစလောင်တာက မနက်၃နာရီခွဲလောက်လို့ယူဆရတယ်။ ၅ နာရီဝန်းကျင်မှာ မီးထိန်းချုပ်နိုင်တယ်။ အိမ်အများစုကအကုန်လောင်သွားတယ်။ မီးလောင်မှုဖြစ်ပွားရတာကတော့ အဲ့ဒီအိမ်ကစိတ်မနှံ့တဲ့သူတယောက်ကနေ ဖယောင်းတိုင်မီးဆော့လိုက်တာကနေဆိုပီးယူဆထားကြတယ်။ ဒါပေမဲ့ အဲ့အိမ်က မိသားစု ၄ ယောက်လုံးသေသွားတော့ ခုချိန်မှာသေချာမပြောတက်သေးဘူး” ဟု ဇင်းကျိုက်မြို့မီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
သေဆုံးသူ ၄ ဦးမှာ ဒေါ်သန်းသန်းခိုင်၊ မောင်လင်းထွန်း၊ ဒေါ်ခင်စီ နှင့် မဇင်ဇင်ဖြိုးတို့ဖြစ်ကြပြီး ၎င်းတို့မှာ မီးစတင်လောင်ကျွမ်းသည့် နေအိမ်မှဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် သထုံမြို့နယ်တို့တွင်လည်း နိုဝင်ဘာလ ၈ ရက်နေ့ တစ်ရက်တည်း၌ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ ဘုန်ကြီးကျောင်း ၂ ကျောင်း မီးလောင်ခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။
#ဇင်းကျိုက် #မီးလောင် #သေဆုံး
#Ayeyarwaddy_Times