ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၉ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် စစ်ကောင်စီဥက္ကဌ မြတ်ကျော်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တိုင်းမှူများက နိုဝင်ဘာလ ၇ ရက်နေ့တွင် သံဃာအပါး ၁၀၀၀ အား အလှူအတန်းပြုလုပ်နေချိန် ၎င်းတို့၏ လက်အောက်ခံတပ်များက မုံရွာမြို့တောင်ဘက်ရှိ ကျေးရွာများအတွင်း ဝင်ရောက်ဖျက်ဆီးလုယက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“သူတို့လုယက်တာက ကြာပိုင်းကျေးရွာကိုပါ။ ပိုက်ဆံရှိတဲ့အိမ်တွေကိုအတင်းဝင်ရှာတယ်။ အဖိုးတန်တာတွေ့ရင်ယူတယ်။ လူတွေကိုလည်းဖမ်းပြီ ရိုက်နှက်စစ်ဆေးတာတွေရှိတယ်။ စကားမာမာပြောရင်အရိုက်ခံရပြီပဲ။ အကုန်လုံးကိုထင်တိုင်းကြဲနေတာပါ”ဟု မုံရွာမြို့ခံတစ်ဦးကဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်များ၏ ဝင်ရောက်လုယက်ဖျက်ဆီးမှုများကြောင့် ကျေးရွား၄ ရွာမှ ဒေသခံ ၆၀ ထက်မနည်း ဖမ်းဆီနှိပ်စက်ခံခဲ့ရပြီး အဖိုးတန်ပစ္စည်းများကိုလည်း စစ်ကောင်စီတပ်များက ယူဆောင်သွားကြောင်း ဒေသခံများက ဆိုသည်။

“ဒီဘက်မှာ ဒီကောင်တွေအထိနာထားတော့ ရွာတွေထဲဝင်လာရင် အကုန် ရန်သူထင်နေတာ။ အသက်ငယ်တဲ့အမျိုးသားတွေဆိုဖမ်းတယ်။ နှိပ်စက်တယ်။ အချို့ကိုပြန်လွှတ်ပေးပေမဲ့သူတို့မသင်္ကာဘူးထင်ရင်တပ်ထဲအထိဖမ်းသွားတာတွေရှိပါတယ်”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းကဲ့သို့ တန်ဆောင်မုန်းလပြည့်နေ့တွင် စစ်ကောင်စီတပ်များက မုံရွာမြို့တောင်ဘက်ရှိ ကျေးရွာများအတွင်း ဝင်ရောက်လုယူဖျက်ဆီးမှုများကြောင့် ဒေသခံအချို့ထွက်ပြေးတိမ်းရှောင်လျှက်ရှိပြီး အချို့မှာလည်း ယနေ့အချိန်အထိ ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း ​ဒေသခံများထံမှ သိရသည်။

“မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ကတော့ ဒီနေ့အချိန်အထိကို ပါးစပ်က ဘုရားတနေပေမယ့် အကြမ်းဖက်လုပ်ရပ်တွေဆက်ပြီးလုပ်ဆောင်​နေဆဲဖြစ်တယ်။ အမျိုး၊ဘာသာ၊သာသနာကာကွယ်မယ်လို့ ကြွေးကြော်ထားတဲ့ စစ်တပ်ထောက်ခံသူတွေနဲ့ မဘသတွေကလည်း လပြည့်ရက်လို အခါကြီးရက်ကြီးမှာ ဒီလိုမျိုး အကြမ်းဖက်တဲ့လုပ်ရပ်တွေကို မျက်ကွယ်ပြုထားကြတယ်။ သူတို့ဆက်ပြီး အုပ်ချုပ်နေသရွေ့တော့ ​မြန်မာနိုင်ငံကြီး ငြိမ်းချမ်းမယ်လို့ မထင်ဘူး” ဟု စစ်ကိုင်းမြို့ခံတစ်ဦးက သုံးသပ်ပြောဆိုထားသည်။

#မုံရွာ #စစ်ကောင်စီ #လက်အောက်ခံ #ကျေးရွာ #ဖျက်ဆီးလုယက်
#Ayeyarwaddy_Times