
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃ ရက်
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်မှာ စစ်ထဲဝင်ရင် ဆန် ၁ အိတ်နဲ့ ငွေ ၁၀ သိန်းပေးမယ်ဆိုပြီး ဒေသခံပြည်သူ တွေကို စစ်တပ်ထဲဝင်ဖို့အတွက် စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေက ဇွန်လကုန်ပတ်ကစတင်ကာ တပ်သားသစ်စုဆောင်းတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်ကောင်စီတပ်ထဲဝင်ဖို့အတွက် ရာအိမ်မှူးတွေနဲ့ ဆယ်အိမ်မှူးတွေက ကျေးရွာတွေမှာရှိတဲ့ လူငယ်တွေကို မက်လုံးပေးကာလိုက်လံစည်းရုံးနေတာလို့ ဒေသခံတွေက ပြောပါတယ်။
“ သူတို့က ကိုယ်နိုင်ငံကို ကာကွယ်ဖို့ အမျိုးဘာသာ သာသနာကို ကာကွယ်ဖို့ လူငယ်တွေမှာတာဝန်ရှိတယ် အဲ့အတွက်လည်း လိုအပ်တာတွေထောက်ပံ့ပေးမယ် မိသားစုကိုလည်း စောင့်ရှောက်ပေးထားမယ် မင်းတို့ စစ်သင်တန်းတက်ရင် စစ်အင်အားလည်းတောင့်တင်လာ အဲ့လိုပြော စည်းရုံးတာ”လို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ညောင်တုန်းမြို့နယ်အတွင်းက ကျေးရွာနေ ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်ထားဝင်ရောက်မယ့် ရွာသားတွေအနေနဲ့ စစ်သင်တန်းတက်ပြီး သင်တန်းဆင်းလာတဲ့အခါ ဆန် ၁ အိတ်နဲ့ ငွေ ၁၀ သိန်းပေးမယ်လို့ ပြောဆိုပြီးစည်းရုံးနေတာလို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ရဲ့ မင်းမဲ့စရိုက်တွေကြောင့် ပညာတက်လူငယ်တွေဟာ စစ်တပ်ထဲဝင်ရောက်သူနည်းလာသလို ရှေ့တန်းစခန်းတွေမှာလည်း အကျဆုံးများလာတာကြောင့် ခုလိုမျိုး အသိပညာနည်းပါးတဲ့ ကျေးရွာတွေ ခုလိုမျိုး စစ်ကောင်စီတပ်ထဲဝင်ဖို့ စည်းရုံးတာတွေလုပ်လာတာ ဖြစ်နိုင်တယ်လို့ စစ်မှုထမ်းဟောင်းတဦးက သုံးသပ်ပြောဆိုပါတယ်။