အောင်မြသန်း/ဧရာဝတီတိုင်းမ်
(ဧရာဝတီ)၊ နိုဝင်ဘာလ ၃ ရက်

ဧရာဝတီတိုင်းမှာ အာဏာသိမ်းစစ်ကောင်စီက တန်ဆောင်တိုင် ဘုရားပွဲတွေပြုလုပ်ဖို့ ဖိအားပေးထားပြီး ဗုံးဖောက်ခွဲဖို့စီစဉ်ထားတယ်လို့ စစ်ကောင်စီနဲ့နီးစပ်တဲ့အသိုင်းဝိုင်းက သိရပါတယ်။

တန်ဆောင်မုန်းလပြည့်နေ့မတိုင်ခင်ကနေ လပြည့်ကျော် ၁ ရက်နေ့ထိ ပွဲလမ်းသဘင်တွေပြုလုပ်ဖို့ ဖိအား ပေးခိုင်းစေထားတာဖြစ်ပြီး ဗုံးပေါက်ကွဲတဲ့အခါ တော်လှန်ရေးအင်အားစုတွေကို လွှဲချဖို့အတွက် ကြိုတင် စီစဉ်ထားတာလို့ စစ်ကောင်စီနဲ့နီးစပ်သူတဦးက ပြောပါတယ်။

“ အရင်အစိုးရတုန်းကဆို ကိုဗစ်ဖြစ်နေလို့ ပွဲတွေပါမစ်မပေးဘူး မလုပ်ခိုင်းဘူး လူစုလူဝေးဖြစ်ပြီး ရောဂါ ပိုးကူးတာများမှာဆိုးလို့ ခုက ဘာဖြစ်လဲဆိုတော့ ပွဲတွေကို မဖြစ်မနေလုပ်ဖို့ ဖိအားပေးနေတာ”လို့ ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ပွဲလမ်းသဘင်တွေလုပ်ကာ လူတွေအများအပြားလာချိန်ဗုံးခွဲပြီး တော်လှန်ရေးအင်အားစုတွေအပေါ် ပြည်သူတွေက အားမပေးတော့အောင် ထောက်ခံတာတွေလျော့နည်းလာအောင်လုပ်ဖို့ စီစဉ်ထားတာလို့ ဆိုပါတယ်။

စစ်ကောင်စီက ဧရာဝတီတိုင်းမှာရှိတဲ့ မြို့နယ် ၂၆ မြို့နယ်မှာ မြို့နယ်အလိုက် ဘုရားကပွဲနဲ့ ပျော်ပွဲရွှင်ပွဲ တွေကို မဖြစ်မနေလုပ်ဖို့ဖိအားပေးစေခိုင်းထားတာလို့ စစ်ကောင်စီနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

တော်လှန်ရေးအင်အားစုတွေနဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေကတော့ ဘုရားပွဲတွေနဲ့ ပြည်သူတွေ အများစုရှိတဲ့နေရာတွေ အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာတွေကို ဖောက်ခွဲတိုက်ခိုက်တာတွေပြုလုပ် သွားမှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

ဓာတ်ပုံ – စစ်ကောင်စီ
#ဧရာဝတီတိုင်း #စစ်ကောင်စီ #ဘုရားပွဲ #ဖောက်ခွဲတိုက်ခိုက်
#Ayeyarwaddy_Times