ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂ ရက်
ဧရာ၀တီတိုင်း၊ ဘိုကလေးမြို့နယ်အတွင်းက ကတုံးလေးကျွန်းအနီးမှာ အောက်တိုဘာလ ၃၀ ရက်နေ့က ရိုဟင်ဂျာလူမျိုး ၈၀ ကျော်လိုက်ပါလာတဲ့ စက်လှေနစ်မြုပ်ခဲ့ပြီး ၆၀ ဦး ဖမ်းဆီးခံရကာ၂၀ ဦးပျောက်ဆုံးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“စက်လှေက ကျောက်ဆောင်နဲ့လား၊ သောင်နဲ့လားတိုက်ပြီး ဗိုက်ပေါက်သွားတာ။ ရေထဲမှာ ကူးနေတဲ့ ၆၅ဦး လောက်ကို ငါးဖမ်းလှေတွေကကယ်လာတယ်။၂၀လောက်ကပင်လယ်ထဲမျောသွားတယ်”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
နစ်မြုပ်သွားတဲ့ စက်လှေမှာလိုက်ပါလာတဲ့ ရိုဟင်ဂျာ ၈၀ ကျော်ဟာ မလေးရှားနိုင်ငံမှာ အလုပ်သွားလုပ်ဖို့အတွက် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းကနေထွက်ခွာလာသူတွေဖြစ်ပြီး ဖမ်းဆီးခံရတဲ့ ၆၀ ဦးထဲက ၄၅ ဦးဟာ အသက် ၁၈နှစ်မပြည့်သေးဘူးလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူအချို့က ဆိုပါတယ်။
“သူတို့က မလေးရှားသွားပြီးအလုပ်လုပ်ဖို့။ ပွဲစားတွေနဲ့ ချိတ်ဆက်ပြီး ဒုက္ခသည်စခန်းတွေကနေ ထွက်ပြေးလာကြတာ။ ပွဲစားကို စရံ ၂၅ သိန်းပေးထားရတယ်လို့ သိရတယ်” လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ရိုဟင်ဂျာ ၆၀ ဦးနဲ့ အတူ စက်လှေလုပ်သား ၅ ဦး စုစုပေါင်း ၆၅ ဦးကို စစ်ကောင်စီတပ်နဲ့ရဲတွေက ဘိုကလေးမြို့ပေါ်ကို စက်လှေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံတွေက ပြောပါတယ်။
ဧရာဝတီတိုင်းမှာ ၇ လအတွင်း ရိုဟင်ဂျာ ၇၀၀ နီးပါးဖမ်းဆီးခံရပြီး သူတို့ထဲက ၁၀၀ ကျော်ကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်စီ ပြစ်ဒဏ်ချမှတ်ထားတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
#ရိုဟင်ဂျာ #ဘိုကလေး #စက်လှေမြုပ် #ဖမ်းဆီး #ပျောက်ဆုံး
#Ayeyarwaddy_Times