
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၃၁ ရက်
ရခိုင်ပြည်နယ်မှာ တက္ကသိုလ်ပြန်တက်တဲ့အထဲက ရဲတပ်ဖွဲ့ဝင်တချို့ ရက္ခိုင့်တပ်တော် အေအေက ဖမ်းဆီးတာနဲ့ ထွက်ပြေးတဲ့သူ အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၅၀ ကျော်ရှိမယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။
ကျောင်းခွင့်ပြန်တက်ရင် ထွက်ပြေးတဲ့သူတွေဟာ တခြားတိုင်းနဲ့ပြည်နယ်က ရဲတပ်ဖွဲ့ဝင်တွေလို ကိုယ်ဒေသပြန် ကျောင်းတက်ခွင့်မပေးဘဲ စစ်တွေတက္ကသိုလ်မှာပဲ ကျောင်းတက်ခိုင်းတာကြောင့် ထွက်ပြေးတာများတယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
“ ခုက စစ်တပ်အတိုင်းပဲ ကျောင်းခွင့်ပေးတာတောင် ကိုယ့်မြို့နယ် ကိုယ်ကျောင်းပြန်မတက်ရဘူး စစ်တွေမှာပဲ တက်ရတာ အဲ့တော့ တချို့တွေက ပြေးကုန်တာ ပြေးရင်နဲ့လမ်းမှာ အေအေဖမ်းတာခံရတဲ့ သူတွေလည်းရှိတယ်”လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရဲတပ်ဖွဲ့ဝင်တဦးရဲ့ မိသားစုဝင်က ပြောပါတယ်။
ကျောင်းခွင့်တင်ပြီး စစ်တွေတက္ကသိုလ်မှာ ကျောင်းတက်ရင်းထွက်ပြေးချိန်မှာ အေအေတပ်ဖွဲ့ရဲ့ ဖမ်းဆီး ခံရသူတွေနဲ့ ခုထိ အဆက်သွယ်လည်းမရရှိတော့သလို သေသလား ရှင်သလားဆိုတာလည်း အတည်ကျ မသိရဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီက နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို စစ်တပ်ပုံစံ မှတ်ပုံတင်တွေသိမ်းထားပြီး တပ်ဖွဲ့တွင်းဖိနှိပ်တာ တွေများလာတာကြောင့် ထွက်ပြေးတဲ့ ရဲတပ်ဖွဲ့ဝင်တွေပိုများလာတယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက သုံးသပ် ပြောဆိုပါတယ်။