
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၃၁ ရက်
အိန္ဒိယနိုင်ငံမှာ ကိုလိုနီခေတ် ကြိုးတံတားတစ်စင်း ပြိုကျခဲ့ရာ လူအများအပြား မြစ်အတွင်း လွင့်စင်ကျခဲ့ တာကြောင့် လူ ၁၂၀ ဉီးထက်မနည်း သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ယနေ့ ပြောကြားလိုက်ပါတယ်။
အိန္ဒိယနိုင်ငံအနောက်ပိုင်း မော်ဘီမြို့ရှိ နှစ် ၁၅၀ နီးပါး သက်တမ်းရှိသော ကြိုးတံတားဝန်းကျင်၌ ဘာသာ ရေးပွဲတော်တစ်ခု ကျင်းပဖို့ အမျိုးသမီးနှင့်ကလေးငယ် အပါအဝင် လူ ၅၀၀ နီးပါး စုဝေးနေစဉ် အခုလိုဖြစ်ပွားခဲ့ တာပါ။
အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်ရှိ အဆိုပါကြိုးတံတား ပြိုကျမှုကြောင့် လူအများအပြား မြစ် အတွင်းသို့ လွင့်စင်ကျသွားခဲ့တယ်လို့ သိရပါတယ်။
“လက်ရှိအချိန်ထိ ကျွန်တော်တို့ အလောင်း ၁၂၀ တွေ့ရှိပါပြီ။ ရှာဖွေရေးလုပ်ငန်း ဆက်လက်ဆောင်ရွက် နေတာကြောင့် သေဆုံးသူဉီးရေ မြင့်တက်လာနိုင်ပါတယ်” လို့ မော်ဘီမြို့ ရဲတပ်ဖွဲ့အကြီးအကဲ ဒီကာဗာဒီယာက ပြောပါတယ်။
လူပေါင်း ၁၃၀ ကျော်ကို ကယ်ဆယ်ခဲ့ပြီးဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဂူဂျာရတ်ပြည်နယ်ရဲ့မြို့တော် အာမက်ဒါဘတ်မြို့ရဲ့အနောက်ဘက် ကီလိုမီတာ ၂၀၀ ခန့်အကွာ Machchhu မြစ်ပေါ်ရှိ အဲဒီတံတားကို လနဲ့ချီ ပြင်ဆင်မှုတွေ ပြုလုပ်ပြီးနောက် ပြန်လည်ဖွင့်လှစ်ခဲ့တာ မကြာသေးပါဘူး။
“ဒေဝါလီပွဲတော်ဆင်နွှဲဖို့ လူတွေက တံတားပေါ်ကို စုပြုံရောက်ရှိခဲ့တာပါ။ သေဆုံးသူတွေထဲမှာ ကလေး ငယ်တွေနဲ့ အမျိုးသမီးတွေ အများစုပါဝင်ပါတယ်” လို့ မျက်မြင်တွေ့ရှိသူတစ်ဉီးက ဒေသန္တရမီဒီယာတွေကို ပြောပါ တယ်။
အင်္ဂလန်နိုင်ငံမှတင်ပို့တဲ့ ပစ္စည်းကိရိယာတွေနဲ့ တည်ဆောက်ထားတဲ့ အလျား ၂၂၃ မီတာ၊ အနံ ၁ ဒသမ ၅ မီတာရှိတဲ့ အဲဒီကြိုးတံတားကို ဗြိတိသျှ ကိုလိုနီခေတ်အာဏာပိုင်တွေက ၁၈၈၀ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပါ တယ်။
တံတားပြိုကျမှုဖြစ်ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ဖို့ အိန္ဒိယကြည်းတပ်နဲ့ရေတပ်မှ တပ် ဖွဲ့ဝင်အများအပြားကို ဆင့်ခေါ်ခဲ့တယ်လို့ သိရပါတယ်။
မွေးရပ်မြေ ဂူဂျာရတ်ပြည်နယ်သို့ သွားရောက်နေတဲ့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ကြိုးတံတားပြို ကျမှုမှာ သေဆုံးသူတွေ၊ ဒဏ်ရာရရှိသူတွေကို လျှော်ကြေးပေးမယ်လို့ ကြေညာခဲ့ပါတယ်။
ကိုးကား – AFP
Ref; India bridge collapses, killing at least 120 people