ရဲ ၁၁ ဦးသေဆုံးခဲ့တဲ့ ငါ့သရောက်မြို့ကိုလုံခြုံရေးတင်းကြပ်ပြီး ညနေ ၄ နာရီမှ မနက် ၄ နာရီအထိမာရှယ်လောသတ်မှတ်၊မြို့နယ်တဝိုက်ကားတွေဝင်၊ထွက်ခွင့်ပိတ်ထား

ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၃၀ ရက်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်နယ်မြေရဲစခန်း ယမန်နေ့ အောက်တိုဘာလ ၂၉ ရက်ညနေပိုင်းကစီးနင်းတိုက်ခိုက်ခံရပြီးနောက် ယနေ့တွင် ငါ့သရောက်မြို့နယ်အား ညနေ ၄ နာရီမှ မနက် ၄ နာရီအတွင်း ညမထွက်ထုတ်ပြန်ခဲ့ကြောင်း ဒေသခံများထံကသိရသည်။

လက်ရှိတွင် ငါ့သရောက်နယ်အတွင်းစစ်ကောင်စီ တပ်ဖွဲ့ဝင်အများအပြားရောက်ရှိနေပြီး ဒေသခံများကိုလည်း စစ်ဆေးမှုများပြုလုပ်နေကာ လုံခြုံရေးတိုးမြှင့်တင်းကြပ်ထားကြောင်းသိရသည်။

ယနေ့ ညနေပိုင်း ငါ့သရောက်နယ်အခြေအနေနှင့် ပတ် သက်ပြီး ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ယခုကဲ့သို့ပြောသည်။

”ညနေ ၄ မနက် ၄ ဆိုတာကို စာထုတ်ပြီးထုတ်ပြန်တာမျိုးတော့မဟုတ်ဘူး။ ဒါပေမယ့် အုပ်ချုပ်ရေးမှူးတွေကနေသိရတာပေါ့နော်။ ညနေ ၄ နာရီနောက်ပိုင်းမထွက်နဲ့တော့၊ ယာတွေသိမ်းဘာတွေသိမ်းပေါ့။ ဒီဘက်နယ်တွေမှာတော့ခုကတအား ကြောက်နေကြတယ်။လူတွေကိုကမထွက်ရဲ့တော့တာ၊ တအားတွေရှုပ်ထွေးနေတယ်။ ခုကသိရသလောက် ဒီ ကျောက်ပန်းတောင်း-တောင်သာလမ်း တွေမှာ စစ်သားတအားများတယ်။ ငါ့သရောက်ကအဲ့ကြားထဲမှာရှိတာဆိုတော့တအားပိတ်ဆို့နေတယ်” ဟု ငါ့သရောက်ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့အပြင် ငါ့သရောက်နယ်တဝိုက်မှ ပြေးဆွဲနေသည့် အဝေးပြေးယာဥ်လိုင်းများကိုလည်းစစ်ကောင်စီတပ်က ကန့်သတ်ထားပြီး ​ငါ့သရောက်နယ်အတွင်းမှ ထွက်ခွာခွင့်၊ဝင်ရောက်ခွင့်မပြုကြောင်းဒေသခံများကပြောသည်။

” ခါတိုင်းထွက်နေကျ ပုဂံမင်းသားကားတို့၊ ဇေယျာမြိုင်ကြီးကားတို့၊ နောက်မန်းလေးဘက်ကိုထွက်တဲ့ အံစာတုံးကားတွေလည်းအကုန်တစီးမှမထွက်ခိုင်းဘူး၊ အကုန်ပိတ်ထားတယ်။ ခုကတော့ လမ်းပေါ် စစ်ကားတွေကြီးဘဲ ။အကုန်ပိတ်ထားတာ” ဟု ဒေသခံအမျိုးသမီးတဦးကပြောသည်။

ငါ့သရောက်နယ်မြေရဲစခန်းသည် ယမန်နေ့ညနေပိုင်းက ဝင်ရောက်စီးနင်းတိုက်ခိုက်ခံခဲ့ရပြီး ရဲစခန်းမှူး ရဲအုပ် အေးကျော်အပါအဝင် ရဲ ၁၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

#AyeyarwaddyTimes