
ဧရာ၀တီတိုင်းမ်
အောက်တိုဘာလ ၂၁ ရက်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယနေ့ (စက်တင်ဘာလ ၂၁ ရက်) မနက် ၈ နာရီခန့်ကစတင်၍ ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်များကို ကရင့်အမျိုးသားအစည်းအရုံး – KNU နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။
KNU နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ကော့ကရိတ်မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးများကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ရဲစခန်းမှ အချုပ်ခန်းပွင့်သွားခဲ့ပြီး စစ်ကောင်စီဖမ်းထားသော အချုပ်သားများ လွတ်မြောက်သွားကြောင်း၊ ကော့ကရိတ်မြို့အစပ် အနီးတဝိုက်သို့ စစ်တပ်က MIG-29 တိုက်လေယာဉ်များဖြင့် အဆက်မပြတ် တိုက်ခိုက်နေကြောင်း မြေပြင်၌တိုက်ပွဲဝင်နေသည့် တော်လှန်ရေးအင်အားစုများထံက သိရသည်။
“ကော့ကရိတ်မြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးကို ဝင်စီးတယ်။ အချုပ်ခန်းပွင့်သွားပြီး အချုပ်သားတွေ လွတ်သွားတယ်။ တိုက်ပွဲက အပြင်းအထန်ဖြစ်နေတုန်းပဲ”ဟု ကော့ကရိတ်မြို့မှ ရဲတပ်ဖွဲ့နှင့်နီးစပ်သူ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ကော့ကရိတ်မြို့တွင်း၌ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က မြို့တွင်းသို့ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေရာ ဒေသခံ အနည်းဆုံး ၁ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရသူများလည်းရှိကြောင်း၊ နေအိမ်အဆောက်အဦးများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထို့ပြင် စစ်ကောင်စီတပ်က MIG-29 တိုက်လေယာဉ်များ ဖြင့် ကော့ကရိတ်မြို့အနီးနေရာများသို့ ၆ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ဆက်လက်ပြီး တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း မြေပြင်၌ တိုက်ပွဲဝင်နေသူ တော်လှန်ရေးအင်အားစုများထံက သိရသည်။\