မီဇိုးပြည်နယ် မြို့နယ်တစ်ချို့တွင် မြန်မာစစ်ဘေးရှောင်ပြည်သူများလိုက်နာရမည့် စည်းကမ်းချက်များထုတ်ပြန်

အောက်တိုဘာ ၄ ရက်

(မီဇိုးရမ်)၊ ဧရာဝတီတိုင်းမ်

အိန္ဒိယနိုင်ငံ၊ မီဇိုးပြည်နယ်၊ မြို့နယ်အချို့တွင် နေထိုင်ကြသော မြန်မာစစ်ဘေးရှောင်ပြည်သူများအနေဖြင့် လိုက်နာရမည့် စည်းကမ်းချက်များကို ခရိုင်ကော်မရှင်နာရုံးနှင့် ဒေသခံအဖွဲ့အစည်းအချို့က စက်တင်ဘာလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်းမြန်မာစစ်ဘေးရှောင်အသိုင်းအဝန်းများထံမှ သိရသည်။

အဆိုပါထုတ်ပြန်ချက်များကို ဒေသခံသတင်းဌာနများမှတစ်ဆင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ထုတ်ပြန်ချက်များနှင့် ပတ်သက်၍ မြန်မာစစ်ဘေးရှောင်စခန်းများတွင် တာဝန်ရှိသူများက လာရောက်အကြောင်းကြားခြင်းမရှိသေးကြောင်းစစ်ဘေးရှောင် စခန်းမှ တာဝန်ခံများက ပြောသည်။

“ မီဇိုးပြည်နယ်၊ တာဝန်ရှိသူတွေက စစ်ဘေးရှောင်တွေ လိုက်နာရမယ့် စည်းကမ်းချက်တွေမကြာခဏ ထုတ်ပြန်တယ်ဆိုတာတော့ သတင်းဌာနတွေကနေ တစ်ဆင့်သိရတာပေါ့နော်။ ဒါပေမယ့် စစ်ဘေးရှောင်စခန်းတွေ မှာတော့ စာနဲ့ဖြစ်ဖြစ်၊ နှုတ်နဲ့ပဲ ဖြစ်ဖြစ်လာရောက်အသိပေးတာတော့ မရှိသေးဘူး။ စစ်ဘေးရှောင်စခန်းတွေမှာ တရားမဝင် မူးယစ်ဆေးဝါးတွေ သုံးစွဲ၊

ရောင်းဝယ်ဖြန့်ဖြူးမှုတွေ မပြုလုပ်ကြဖို့တော့ တာဝန်ရှိသူတွေက လာရောက်ပြီးတော့ သတိပေးထားတယ်။ ဒါကြောင့် ကျွန်တော်တို့ဘက်ကလည်း စစ်ဘေးရှောင်ပြည်သူများအနေနဲ့ မူးယစ်ဆေးဝါးတွေ မသုံးစွဲမှုကြဖို့နဲ့ ရောင်းဝယ်မှုတွေ မပြုလုပ်ကြဖို့ ပြောဆိုတင်းကြပ်ထားပါတယ်”ဟု မြန်မာစစ်ဘေးရှောင် ကော်မတီအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိမီဇိုးပြည်နယ်တွင် ရောက်ရှိနေသော မြန်မာစစ်ဘေးရှောင်ပြည်သူများသည် စားဝတ်နေရေးအတွက် ကြုံရာကျပန်း လုပ်ကိုင်စားသောက်နေသော်လည်း အလုပ်အကိုင်အလွန်ရှားပါးမှုကြောင့် အခက်အခဲကြုံတွေ့နေကြပြီး စည်းကမ်းချက်ထုတ်ပြန်ချက်အပေါ် စစ်ဘေးရှောင်ပြည်သူများက အလုပ်အကိုင်အခွင့်အလမ်း ပိုမိုခက်ခဲလာမည်ကို စိုးရိမ်နေကြသည်။

စစ်ဘေးရှောင်ပြည်သူ မဟုတ်သည့် မြန်မာနိုင်ငံနိုင်ငံသားများက မီဇိုးပြည်နယ်အတွင်းတွင် တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်မှုများနှင့် လက်နက်များမကြာခဏ ဖမ်းဆီးရမိမှုတို့ကြောင့် စည်းကမ်းချက်များ မကြာခဏထုတ်ပြန်ခဲ့ခြင်းဖြစ်နိုင်သည်ဟု စစ်ဘေးရှောင်ပြည်သူတစ်ဦးက သုံးသပ်ပြောဆိုသည်။

“စစ်ဘေးရှောင်ပြည်သူတွေ လိုက်နာရမယ့် ရာသီအလိုက်စည်းကမ်းချက်ထုတ်ပြန်တာတွေလည်းရှိတယ်။ မီဇိုးပြည်နယ်မှာ အလုပ်အကိုင်က အင်မတန်ရှားတယ်။ လိုက်နာရမယ့် စည်းကမ်းချက်တွေလည်း တအားများနေပြီ။ ကျွန်တော်တို့ စားဝတ်နေရေးအတွက် ဘယ်လို ဝင်ငွေရှာရမလဲပေါ့နော်။ အဓိကကတော့ မီဇိုးပြည်နယ်ထဲမှာ စစ်ဘေးရှောင်မဟုတ်တဲ့

မြန်မာနိုင်ငံသားတွေဆီက မူးယစ်ဆေးဝါးနဲ့ လက်နက်ခဲယမ်းတွေလည်း မကြာခဏဖမ်းဆီးထားတယ်။ ဒါတွေကြောင့် အခုလို စည်းကမ်းချက်တွေ ထုတ်ပြန်လာတယ်လို့ သုံးသပ်ပါတယ်”ဟု မြန်မာစစ်ဘေးရှောင်တစ်ဦးက ပြောကြားသည်။

မြန်မာစစ်ဘေးရှောင်ပြည်သူများအနေဖြင့် အစိုးရခွင့်ပြုချက်မပါဘဲ မြေယာနဲ့ အိမ်ဝယ်ယူခွင့်မရှိ၊ အစိုရခွင့်ပြုချက် မပါဘဲ စီးပွားရေးလုပ်ကိုင်ခွင့်မရှိ( တရားမဝင်ကုန်ပစ္စည်းများ တင်သွင်းခွင့်နှင့် ၎င်းပစ္စည်းများ ရောင်းဝယ်ခွင့်မရှိ)၊ မြန်မာနိုင်ငံဘက်မှ ယူဆောင်လာသော ယာဉ်မှန်သမျှကို ကျေးရွာ၊ ရပ်ကွက်အတွင်းရှိ မြန်မာစစ်ဘေးရှောင်ကော်

မတီများထံစာရင်းအတိအကျဖြင့် ပေးသွင်းရမည်၊ မြန်မာစစ်ဘေးရှောင်ပြည်သူများက Aadhar အဒါရ်ကဒ် (မဲပေးပိုင်ခွင့်ကဒ်)၊ ယာဉ်မောင်းလိုင်စင်နှင့် အခြားလိုင်စင်များပြုလုပ်ပိုင်ခွင့်မရှိ၊ ဈေးဆိုင်များဖွင့်လှစ်ပိုင် ခွင့်မရှိ​၊ ကုန်တင်ကုန်ချလုပ်ခွင့်မရှိအစရှိသည့် စည်းကမ်းချက်များနှင့် ရာသီအလိုက် လိုက်နာရမည့် စည်းကမ်းချက်များကို ထုတ်ပြန်ခဲ့ကြောင်းဒေသခံ

သတင်းဌာနများ၏ ဖော်ပြချက်အရသိသည်။

#မီဇိုးပြည်နယ် #မြန်မာစစ်ဘေးရှောင်ပြည်သူ #စည်းကမ်းချက်

#Ayeyarwaddy_Times