စစ်ရေးချုပ်နဲ့ ကစထ ၄ မှူး ဒု-ဗိုလ်ချုပ်ကြီး ၂ ဦးကို အနားပေး၊ ကြံ့ခိုင်ရေးပါတီထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်လာ

ဧရာဝတီတိုင်းမ်

အောက်တိုဘာလ ၄ ရက်

စစ်ကောင်စီတပ်ရဲ့ စစ်ရေးချုပ် ဒု-ဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း နဲ့ အမှတ် ၄ စစ်ဆင်ရေးအထူးအဖွဲ့ (ကစထ ၄)ကစထမှူး ဒု-ဗိုလ်ချုပ်ကြီး အောင်စိုးတို့ကို စစ်ဘက်တာဝန်တွေကနေအနားပေးပြီး ကြံ့ခိုင်ရေးပါတီကိုပို့ဆောင်လိုက်တယ်လို့ နေပြည်တော်စစ်ရုံးသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အောက်တိုဘာ လ ၂ ရက်နေ့က စတင်ပြီး အဲ့ဒီဗိုလ်ချုပ်ကြီး ၂ ဦးကို အနားပေးလိုက်တာဖြစ်ပြီး ကြံ့ခိုင်ရေးပါတီကို ပြောင်း ရွှေ့လိုက်တာဖြစ်ပြီး စစ်ရေးချုပ်အသစ်အဖြစ် ဒု-ဗိုလ်ချုပ်ကြီး စိုးမင်းဦး ကိုခန့်အပ်လိုက်တယ်လို့သိရပါတယ်။

” ဒု-ဗိုလ်ချုပ်ကြီး ၂ ဦးပေါ့၊ စစ်ရေးချုပ်နဲ့ ကစထ ၄ ကစထမှူး ၂ ယောက်ကိုညီလာခံမလုပ်ခင် အနားပေးပြီးအရပ်ဖက်နဲ့ ကြံ့ခိုင်ရေးပါတီကို အမီပို့လိုက်တာ၊ သူတို့ရဲ့လစ်လပ်နေရာတွေအတွက်က စစ်ရေးချုပ်နေရာကို အရင် စစ်ဆေးရေးနဲ့စာရင်းစစ်ချုပ်ရုံး(ကြည်း/ရေ/လေ) ဗိုလ်ချုပ်ကြီး စိုးမင်းဦးက စစ်ရေးချုပ်ဖြစ်လာမယ်” လို့

နေပြည်တော်စစ်ရုံးသတင်းရင်းမြစ်တဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ဒီကနေ့ မနက်မှာပြုလုပ်တဲ့ ကြံ့ခိုင်ရေးပါတီ ညီလာခံရဲ့ရလာဒ်တွေအရ ဒု-ဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း က ကြံ့ခိုင်ရေးပါတီ ဒုဥက္ကဌဖြစ်လာပြီး၊ ဒု-ဗိုလ်ချုပ်ကြီး အောင်စိုး က နိုင်ငံတကာဆက်ဆံရေးဌာနကြီးမှူး ဖြစ်လာတယ်လို့ ကြံခိုင်ရေးပါတီအသိုင်းအဝိုင်းဆီကသိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ထိပ်ပိုင်းခေါင်းဆောင်တချို့ကိုလည်း အပြောင်းအလဲပြုလုပ်ခဲ့ပြီး အရပ်ဖက်ကိုပို့ဆောင်မှုတွေရှိတယ်လို့ နေပြည်တော်စစ်ရုံးသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

#AyeyarwaddyTimes