
မအူပင်မြို့တွင် စစ်ကောင်စီတပ်အရာရှိတွေက ရသမျှအကျိုးစီးပွား လက်ဝါးကြီးအုပ်ထားသဖြင့် အောက်ခြေရဲဘော်များဖြင့် အဝေမတည့် စိတ်ဝမ်းကွဲနေ
အောင်မြသန်း/ဧရာဝတီတိုင်းမ်
(မအူပင်)၊ အောက်တိုဘာလ ၄ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့မှာတာဝန်ကျတဲ့ စစ်ကောင်စီတပ်က အရာရှိအကြီးပိုင်းတွေက ရသမျှ အကျိုးအမြတ် တွေကို လက်ဝါးကြီးအုပ်ထားတာကြောင့် အောက်ခြေရဲဘော်တွေနဲ့ အဝေမတည့် စိတ်ဝမ်းကွဲတာတွေ ဖြစ်ပေါ် နေတယ်လို့ တပ်အသိုင်းဝိုင်းက သိရပါတယ်။
မအူပင်ခရိုင်မှာတာဝန်ကျတဲ့ စစ်ကောင်စီတပ်က ဂျီဝမ် ဒုဗိုလ်မှူးကြီး နိုင်လွင်ဆိုသူက ခိုး၊ ဆိုး၊ လုယက်တာနဲ့ လောင်းကစားဝိုင်းဖွင့်ခွင့်ပြုထားတဲ့ ငွေတွေကို တဦးထဲ ယူထားတာကြောင့် တပ်ရင်းအလိုက်မှာရှိတဲ့ အရာရှိတွေနဲ့ ရဲဘော်တွေအကြား စိတ်ဝမ်းကွဲတာတွေရှိလာတာလို့ တပ်အသိုင်းဝိုင်းက သိရပါတယ်။
“ ဂျီဝမ်းအဆင့်ရှိတဲ့ ဒုဗိုလ်မှူးကြီး နိုင်လွင်က အာဏာသိမ်းပြီးနောက်ပိုင်း ရလာသမျှ ပိုက်ဆံသူပဲ ယူတာ မအူပင် ခရလ ၂၇ ကနေ ဖျာပုံသွားနေတဲ့ တပ်ရင်းနဲ့ရော ဖျာပုံကနေ မအူပင်လာလုံခြုံရေးယူနေတဲ့ တပ်ရင်းက အရာရှိတွေနဲ့ရော အဆင်မပြေဖြစ်နေတာ”လို့ တပ်တွင်းအရာရှိတဦးနဲ့နီးစပ်သူ အမျိုးသားတဦးက ဧရာဝတီ တိုင်းမ်ကို ပြောပါတယ်။
မအူပင်မြို့မှာ စစ်ကောင်စီတပ်ရဲ့ ဂျီဝမ်းအဆင့်ရှိသူ ဒုဗိုလ်မှူးကြီး နိုင်လွင်ဆိုသူက အာဏာသိမ်းပြီးနောက်ပိုင်း နှစ်လုံး၊ သုံးလုံးနဲ့ ဘောပွဲဒိုင်တွေ ကြက်ဝိုင်းဒိုင်တွေကို လစဉ်ကြေးကောက်ခံတာတွေအပြင် ဒေသခံတွေကို ပုဒ်မအမျိုးမျိုးတပ်ဖမ်းဆီးခဲ့ပြီး ငွေတောင်းယူတာတွေပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
ရလာသမျှငွေတွေကို ဒုဗိုလ်မှူးကြီး နိုင်လွင်က လက်အောက်ခံ အရာရှိတွေနဲ့ တပ်သားတွေကို မပေးတာကြောင့် တပ်ရင်းတွေထဲမှာ စိတ်ဝမ်းကွဲတာတွေဖြစ်ပေါ်နေတာလို့ တပ်အသိုင်းဝိုင်းက သိရပါတယ်။
မအူပင်မြို့နယ်မှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကိုပါ ဖိအားပေးထားပြီး သစ်လုပ်ငန်းရှင်တွေနဲ့ပေါင်းကာ မှောင်ခိုသစ်ထုတ်တာတွေလည်းရှိတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တဦးက ပြောပါတယ်။
ဒုဗိုလ်မှူးကြီး နိုင်လွင်က သူရလာသမျှငွေတွေကို အောက်ခြေရဲဘော်တွေနဲ့ အရာရှိတွေကို ဝေစုခွဲပေးတာမျိုး မရှိပေမယ့် သူ့အတွက် လုံခြုံရေးနဲ့ ရပ်တည်ရေးအတွက် သူ့အထက်က အရာရှိကြီးတွေကို လစဉ် ခွဲတမ်းပုံစံ ပေးလေ့ရှိတယ်လို့ ဆိုပါတယ်။
#မအူပင် #စစ်ကောင်စီ #အရာရှိ #လက်ဝါးကြီးအုပ် #အောက်ခြေတပ်သား #အဝေမတည့် #စိတ်ဝမ်းကွဲ
#Ayeyarwaddy_Times