
မိုးဗြဲမြို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသော်လည်း စစ်ဘေးရှောင်ပြည်သူများ စားဝတ်နေရေးအခက်အခဲကြောင့် မြို့အတွင်း ဝင်ရောက်နေထိုင်နေကြ
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၃ ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်နှင့် KNDF၊PDF ပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသော်လည်း စစ်ဘေးရှောင်ပြည်သူများ စားဝတ်နေရေးအခက်အခဲကြောင့် မြို့အတွင်းပြန်လည် ဝင်ရောက်နေထိုင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိတွင် မိုးဗြဲမြို့တွင်း စစ်ကောင်စီတပ်သားများရှိနေသေးသော်လည်း စစ်ဘေးရှောင်ပြည်သူအများစု စားဝတ်နေရေးအခက်အခဲကြောင့် မြို့အတွင်း ပြန်လည်နေထိုင်ကာ လုပ်ကိုင်နေထိုင်စားသောက်နေရကြောင်း သိရသည်။
” မိုးဗြဲစစ်ရှောင်ပြည်သူတွေ တခြားအရပ်မှာ နေထိုင်ရေး စားဝတ်နေရေး ခက်ခဲတာကြောင့် နေရပ်ပြန်နေကြတယ်။ သမီးတို့မိသားစုမှာ အဖေက ပြန်နေပါတယ်။ စားဝတ်နေရေး ခက်ခတာကြောင့် မိုးဗြဲမှာစျေးပြန်ရောင်းနေပါတယ်။ စျေးလည်းဖွင့်တယ်ဆိုတော့ ပိုက်ဆံရှာရတယ်လေ။ မြို့ထဲမှာ စစ်သားတွေရှိသေးတယ်။ ပြန်နေကြတဲ့သူတော့ များပါတယ်။ ပွဲကုန်း၃ရပ်ကွက် လူတွေတော့ပြန်မနေကြသေးဘူး။ စစ်သားတွေ နေရာယူကြလို့..သမီးတို့ ရပ်ကွက်က စျေးသည်တွေများလို့ အခုပြန်နေကြပြီး တချို့လည်း အုတ်ပြန်လာရိုက်ချင်တာပေါ့ မပြန်လာရဲသေးကြဘူး” ဟု မိုးဗြဲမြို့ခံအမျိုးသမီတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မိုးဗြဲ PDF တစ်ဦးက မိုးဗြဲ PDF ၏ ထုတ်ပြန်ချက်ကို ဒေသခံပြည်သူများအနေဖြင့် လိုက်နာသင့်ကြောင့် တိုက်ပွဲများအချိန်မရွေးပြန်လည် ဖြစ်ပွားလာနိုင်သည့်အတွက် အနေအထိုင်ဆင်ခြင်သည့်ကြောင်း ပြောဆိုထားသည်။
“ကျွန်တော် တစ်ယောက်အနေနဲ့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်တဲ့ စာကို လိုက်နာသင့်တယ်လို့ ထင်တယ်။ တိုက်ပွဲ က အချိန်မရွေးပြန်ဖြစ်နိင်တဲ့ အတွက်ကြောင့် ပြန်မနေသင့်သေးဘူးပေါ့။ ပြည်သူတဦးတယောက်ချင်းစီရဲ့ အသက်ကို ကျနော်တို့ တန်ဖိုးတယ်။ အကောင်းဆုံးက စစ်ကောင်စီ တပ်ရှိနေတဲ့နေရာကို မပြန်တာ ကိုယ်အတွက်လည်း အသက်လုံခြုံပါတယ်။ တိုက်ပုဲဖြစ်နေချိန်မှာ စကစ က လူသားဒိုင်း အဖြစ်အသုံးပြုနေတဲ့အတွက်ကြောင့် ပြည်သူများ ထုတ်ပြန်ချက်ကို လိုက်နာစေချင်ပါတယ်” ဟု မိုးဗြဲ PDF တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိအချိန်မှာ တိုက်ပွဲများမပြီးပြတ်သေးတာကြောင့် စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုများရှိနေသေးသည့်အတွက် နေရပ်ပြန်ပြည်သူများအနေဖြင့် ဗုံးခိုကျင်းများ တူးထားရန်လိုအပ်ကြောင်း ဖယ်ခုံ PDF တစ်ဦးကအကြံပြုပြောဆိုထားသည်။
“စစ်ပွဲတွေက ပြီးမသွားသေးတော့ လက်နက်ကြီးတွေ ပစ်ခတ်နေဦးမယ်။ မြေပြင်တိုက်ပွဲတွေ မရှိတဲ့အချိန်တောင် စစ်တပ်ဘက်က ရမ်းထုနေဦးမှာဖြစ်တဲ့အတွက် နေရပ်ပြန်နေမယ်ဆိုရင် ကတုတ်ကျင်း(ဗုံးခိုကျင်းတွေ )တူးထားကြပါ။
မြေပြင် မှာစစ်ဖြစ်တော့်မယ်ဆိုရင်အမြန်ဆုံးရှောင်နေကြပါလို့ သတိပေးလိုပါတယ်” ဟု ဖယ်ခုံ PDF တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စက်တင်ဘာလအတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်က မိုးဗြဲမြို့ ဒေသခံ ၁၀၀ ကျော်အား ဖမ်းဆီးကာ တိုက်ပွဲအတွင်း လူသားဒိုင်းအဖြစ်အသုံးပြုခဲ့ကြောင်း မိုးဗြဲ PDF ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – ပေးပို့
#မိုးဗြဲ #တိုက်ပွဲ #စစ်ဘေးရှောင် #စားဝတ်နေရေးအခက်အခဲ
#Ayeyarwaddy_Times