
ကန့်ဘလူ ဇီးကုန်းမြို့ ဆီဘောက်ဆာကား ကျပ်သိန်း ၆၀၀ ကျော် ဓားပြတိုက်ခံရမှုမှာ ရဲစခန်းမှူးပါဝင်နေဟုဆို
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂ ရက်
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့က ဒေသခံစက်သုံးဆီလုပ်ငန်းရှင်အချို့ပိုင်ဆိုင်သော ငွေကျပ်သိန်း ၆၀၀ ကျော် ဓားပြတိုက်ခံရမှုတွင် ဇီးကုန်း စခန်းမှူးကိုယ် တိုင်ပါဝင်ပတ်သက်နေကြောင်း ဒေသခံများနှင့် ဒေသတွင်း တော်လှန်ရေးအဖွဲ့ဝင်များက ပြောသည်။
ဇီးကုန်းမြို့တွင် စက်တင်ဘာ ၂၅ ရက် ညနေပိုင်းက ကျပ်သိန်း ၆၀၀ ကျော်တင်ဆောင်လာသော ဆီသယ်ယာဥ်အား လက်နက်ကိုင်ဆောင်ထားသော လူတစ်စုက ဓားပြတိုက်သွားသည့် ဖြစ်စဥ် ဖြစ်ပွားခဲ့ပြီး အဆိုပါ ဓားပြမှုကိုကျူးလွန်ရန် ဇီးကုန်းမြို့ရဲစခန်းမှူးက လူတစ်စုအား ခိုင်းစေခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေး ရဲဘော်များကဆိုသည်။
“ဒီဓားပြတိုက်တဲ့ဖြစ်စဥ်က ဇီးကုန်းဆိုတာ ပျုတွေ ကြီးစိုးထားတဲ့နေရာ။ ကြံ့ခိုင်ရေးပါတီဝင်တော် တော်များများနေတဲ့နေရာ။ တော်ရုံ အခြားလူဝင်လို့ရတဲ့ နေရာမဟုတ်ဘူး။ ဒီကိစ္စမှာ ဇီးကုန်းစခန်းမှူးကိုယ်တိုင် ဓားပြမှုမှာပါနေတယ် “ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ဓားပြမှုကို ဇီးကုန်းမြို့ရဲစခန်းမှ စခန်းမှူးကိုယ် တိုင် အကွက်ချစီစဥ်ကာ ဓားပြတိုက်ခိုင်းခဲ့ခြင်းဖြစ်ကာ ပိုင်ရှင်များ ကျေနပ်အောင် အမှုပြန်ဖွင့်ပေးထားကြောင်း ဒေသခံများထံမှ သိရှိရသည်။
ကျေးရွာအနီးနေထိုင်သူတစ်ဦးက “မြို့ပေါ်က သိန်းကမ္ဘာဆီဆိုင်က သိန်း ၂၀၀ ကျော် ရယ် ထန်းကုန်းစံပြရွာ မိုးမြင့်အောင်ဆီဆိုင်က သိန်း ၄၀၀ ကျော်ဓားပြတိုက်ခံရတယ်လို့ကြားတယ်။ ခုလုယက်မှုတွေ ခိုးမှုတွေမှာရဲတွေနဲ့ လူမိုက်တွေပေါင်းလုပ်နေကြတာ။ ဖမ်းလည်းမဖမ်းဘူး” ဟု ဆိုသည်။
ဒေသခံတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ အဆို ပါ ပြောဆိုမှုတွေနဲ့ပတ်သက်လို့ ဇီးကုန်းမြို့ရဲစခန်းမှူးကို ဧရာဝတီတိုင်းမ်အနေနဲ့ဆက်သွယ်ဖို့ကြိုးစားပေမယ့် ဆက်သွယ်မရခဲ့ပါဘူး။
စစ်ကိုင်းတိုင်းအတွင်း ကန့်ဘလူနှင့်ကျွန်းလှမြို့နယ် များ သည် ကြံခိုင်ရေးပါတီထောက်ခံသည့်ရွာအများစုရှိပြီး ပျူစောထီးစစ်သင်တန်းများလည်းဒေသအနှံ့ဖွင့်လှစ်ထားကာ စစ်ကောင်စီတပ်နှင့်ပျူစောထီးအားကောင်းသည့်ဒေသများဖြစ်ကြောင်းသိရသည်။
#ကန့်ဘလူ #ဇီးကုန်း #ဆီဘောက်ဆာ #ဓားပြတိုက်ခံရမှု #စခန်းမှူး #ပါဝင်နေ #AyeyarwaddyTimes