
ဒေါက်တာ ထားထားလင်း ထောင်ဒဏ် ၄ နှစ် ထပ်မံချမှတ်ခံရ
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၊ ၂ဝ၂၂
ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်ကာလစတင်ဖြစ်ပွားစဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လက်အောက်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီ၏ အငြိုးဖြင့် ဖမ်းဆီးတရားစွဲခံရသော ဒေါက်တာ ထားထားလင်း စက်တင်ဘာလ ၂၉ ရက်နေ့က ထောင်ဒဏ် ၄ နှစ် ထပ်မံချမှတ်ခံခဲ့ရကြောင်း
၎င်းနှင့်နီးစပ်သူများထံမှ သိရသည်။
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ – က အတွက် ထောင်ဒဏ် ၂ နှစ်၊မတရားအသင်းဖြင့် ဆက်သွယ်မှု ပုဒ်မ ၁၇(၁)အတွက် ထောင်ဒဏ် ၁ နှစ်၊ ၁၇(၂) အတွက် ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ၄ နှစ် ထပ်မံချမှတ်ခံခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။
ဒေါက်တာထားထားလင်းကို မူလက ချမှတ်ထားသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးပုဒ်မ ၅၆ အတွက် ထောင်ဒဏ် ၃ နှစ် ယခင်လအတွင်းက ချမှတ်ခဲ့သဖြင့် လက်ရှိတွင် ပြစ်ဒဏ်အားလုံးအတွက် ထောင်ဒဏ် ၇ နှစ်ချမှတ်ခံထားရခြင်းဖြစ်သည်။
‘‘ဟုတ်တယ်။ ကျနော်တို့သိထားတာ ပုဒ်မ ၁၂၄(က)နဲ့။ အခုက ၁၇(၁)၊ ၁၇(၂) တို့ ဖြစ်နေတယ်။ အခုလဲ နေပြည်တော်ထောင်ကနေ ရမည်းသင်းထောင်ကို ထောင်ပြောင်းရွှေ့လိုက်တယ်လို့ကြားတယ်။ ဒါပေမယ့် အခုထိ မိသားစုနဲ့ အဆက်သွယ်ရသလောက် မိသားစုတွေလည်း တိတိကျကျ မသိရသေးဘူး။ ဘယ်လိုတွေလဲတော့ မသိရ သေးဘူး’’ ဟု
ဒေါက်တာထားထားလင်းနှင့်အတူ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် လက်တွဲလုပ်ကိုင်ခဲ့သော CDM အထူးကု ဆရာဝန်အမျိုးသမီးတဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ဒေါက်တာထားထားလင်းသည် သြဂုတ်လအတွင်းက နေပြည်တော်ရုံးထုတ်သွားစဉ် အိမ်စီးကားတစီးနှင့် ၎င်းကိုတင်လာသော ရဲကားတို့ ယာဉ်တိုက်မှုတွင် ပုခုံးညှပ်ရိုးကျိုးသည့် ဒဏ်ရာရရှိခဲ့ပြီး ယခုအချိန်တွင် ကျန်းမာရေး အနည်းငယ် ကောင်းမွန်လာပြီဟု သိရသည်။
အာဏာသိမ်း စစ်ကောင်စီသည် NLD အစိုးရကို အာဏာ သိမ်းပြီးနောက် ကိုဗစ်ကာကွယ်ဆေးအတွက် UNICEF ၏ ထောက်ပံ့ငွေများကို စစ်ကောင်စီက ပေးအပ်ရန် အမိန့်ပေးသော်လည်း မပေးအပ်ပဲ UNICEF ထံသို့ ပြန်ပေးခဲ့ပြီး CDM ပြုလုပ်ခဲ့သည့်အတွက် ၂ဝ၂၁ ခုနှစ် ဇွန်လတွင် စစ်ကောင်စီ၏ အငြိုးထားဖမ်းဆီးခြင်း ခံခဲ့ရသည်။
‘‘ကျနော်တို့ တိတိကျကျ မသိရသေးပါဘူး။ သူ့ကိုအမိန့်ချတာလည်း ကျနော်တို့ မိသားစုတွေကို အကြောင်းမကြားဘူး။ ထောင်ပြောင်းတယ်ဆိုတာလဲ အကိုတို့ပြောမှပဲကျနော်တို့ သိရတယ်။ ဟုတ်မဟုတ် မသိရသေးဘူး’’ ဟု ဒေါက်တာထားထားလင်း၏ မိသားစုဝင်တဦးက ဧရာဝတီတိုင်းမ်သို့ ဆိုသည်။
#Dr ထားထားလင်း #ထောင် ၄နှစ် #ထပ်မံချမှတ်ခံရ #AyeyarwaddyTimes