မော်လိုက်မြို့ တိုက်ပွဲတွင် စစ်တပ် ကအရာရှ်ိများအပါအဝင် ၁၀ ဦးသေဆုံးပြီး ပျူစောထီး ၈ ဦး အရှင်ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိ
ကိုကိုလေး/ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁ ရက်
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အခြေစိုက် စစ်ကောင်စီတပ်၏ ခမရ ၃၆၄၊၃၆၅၊၃၆၆ တပ်ရင်းများနှင့် ဒေသကာကွယ်ရေးတပ်များအကြား သွန်းပင်ရွာ နှင့် မော်ကူးရွာကြားတွင် ယမန်နေ့ စက်တင်ဘာလ ၃၀ ရက် မနက် ၄ နာရီဝန်းကျင်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။
တိုက်ပွဲအတွင်း သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ခမရ ၃၆၄ မှ ဗိုလ် ၁ ဦး၊ ခမရ ၃၆၅ မှ ဗိုလ် ၁ ဦး၊ ခမရ ၃၆၆ မှ တပ်သား ၁ ဦးနှင့် ပျူစောထီး ၇ ဦးအပါ အဝင် စုစုပေါင်း ၁၀ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံကသိရှိရသည်။
“မနေ့ မနက်စောပိုင်းကတည်းက သေနတ်သံတွေကြားရတယ်။ စစ်ကောင်စီတပ်တွေနဲ့ ဒေသ PDF တွေတိုက်ပွဲဖြစ်ကြတာ စစ်တပ်ဘက်က အသေဆုံးက အတော်လေးကိုများတယ်လို့ သိရပီး ကာကွယ်ရေးတက်တွေဘက်က အထိခိုက်တော့မရှိလို့တော့ သိထားရတယ်” လို့ မော်လိုက်မြို့နယ် ဒေသခံအမျိုးသမီးတဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်ဘက်က အရာရှိအပါအဝင် စစ်ကောင်စီတပ်သားများနှင့်ပျူစောထီး ၁၀ ဦးသေဆုံးခဲ့သည့်အပြင် ပျူစောထီးအဖွဲ့ဝင် အရှင် ၈ ဦးဖမ်းဆီးရမိကာ လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
အထိနာခဲ့သည့် စစ်ကောင်စီတပ်ဘက်က မော်လိုက်မြို့ နယ် သွန်းပင်ကျေးရွာကို ယမန်နေ့ မနက်ပိုင်းမှာပင် မီးတင်ရှို့ခဲ့ပြီး လက်ရှိအချိန်အထိ မီးငြိမ်းသတ်နိုင်ခြင်းမရှိသေးဘူး လို့ မျက်မြင် ဒေသခံများ၏ ပြောပြချက်အရသိရသည်။
မော်လိုက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်တပ်ရင်းများမှာ ကလေးဝမြို့အခြေ စိုက် စကခ( ၁၀ )လက်အောက်ခံ မော်လိုက်အခြေ စိုက်နယ်မြေခံတပ်ရင်းများဖြစ်သည့် ခြေမြန်တပ်ရင်း ၃၆၄၊ ၃၆၅၊ ၃၆၆ တို့ ဖြစ်ကြောင်းသိရသည်။
#Ayeyarwaddy_Times