
မအူပင် တိုးမြစ်အတွင်း ရေလုပ်သားများ ငါးဖမ်းခွင့် စစ်ကောင်စီ တားမြစ်၊ PDF ကို ပြည်သူတွေမုန်းအောင်လုပ်တာဟု ဒေသခံတွေပြော
ဧရာ၀တီတိုင်းမ်
(မအူပင်)၊ အောက်တိုဘာလ ၁ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းတွေက တိုးမြစ်ထဲမှာ ငါးဖမ်းခွင့်တားမြစ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ရေကြောင်းကနေ ပြန်လည်ဝင်ရောက်လာနိုင်လို့ နိုဝင်ဘာလ ၁၅ ရက်နေ့ အထိ တိုးမြစ်ထဲမှာ ငါးဖမ်းရှာဖွေတာတွေမလုပ်ဖို့အတွက် စစ်ကောင်စီက တားမြစ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“ အဓိကတော့ ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေကို မုန်းအောင်လုပ်နေတာ မြစ်ကြောင်းတလျှောက် ငါးရှာပြီး အသက်မွေးဝမ်းကြောင်းပြုနေရတဲ့ ဒေသခံတွေကို ကလေးတွေကို မုန်းအောင်လုပ်တာ”လို့ ဒေသခံ တဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
တိုးမြစ်ထဲငါးဖမ်းပြီး ဝမ်းစာရှာနေရတဲ့ ဒေသခံတွေအတွက် ခုလိုမျိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီက အကြောင်းပြပြီး ငါးဖမ်းခွင့်ပိတ်ပင်ခဲ့တဲ့နောက်ပိုင်း စားဝတ်နေရေး အခက်အခဲတွေရှိ လာတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပြန်လည် ဝင်ရောက်လာမယ့်ဆိုတဲ့ သတင်းတွေ စက်တင်ဘာလကုန်ပိုင်းမှာ ပြန့်နှံလာပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေက နေရာတော်တော်များများ အင်အားတိုးချဲ့ပြီး စစ်ဆေးတာတွေပြုလုပ်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
#တစ်မိနစ်ရုပ်သံ #မအူပင် #စစ်ကောင်စီ #တိုးမြစ် #ငါးဖမ်းခွင့်
#Ayeyarwaddy_Times