
ကျုံပျော်မြို့တွင် မြဝတီနဲ့ မြန်မာ့အသံသာ ကြည့်ဖို့ စစ်ကောင်စီက ဒေသခံတွေကို ဖိအားပေး
ဧရာ၀တီတိုင်းမ်
စက်တင်ဘာလ ၃၀ ရက်
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေက ဒေသခံတွေကို ခေါ်ယူ တွေ့ဆုံပြီး မြဝတီနဲ့ မြန်မာ့အသံကလာတဲ့ ရုပ်သံနဲ့ သတင်းတွေကိုသာ နားထောင်ကြည့်ရှု့ဖို့ ခေါ်ယူစည်းရုံးတာ တွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိုးကြိုးပစ်ကျေးရွာက ဒေသခံတွေကို စစ်ကောင်စီတပ်ဘက်က အရာရှိတွေ လက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေ လာရောက်ပြီး နိုင်ငံပိုင် ဝါဒဖြန့်သတင်းဌာနတွေဖြစ်တဲ့ မြဝတီနဲ့ မြန်မာ့အသံရုပ်သံလိုင်းတွေကို ကြည့်ရှု့ဖို့ စည်းရုံးဟောပြောတာတွေ ပြုလုပ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“ သူတို့ပြောတာတော့ မြန်မာ့အသံနဲ့ မြဝတီရုပ်သံလိုင်းတွေက သတင်းအမှန်တွေတင်ပေးနေတယ် အဲ့တာတွေ ကြည့်ဖို့ပြောတာ ပြီးတော့ တခြားသတင်းဌာနတွေက သတင်းအမှားတွေဖြန့်နေတာ ပြည်သူတွေ အဆိပ်ခပ် မခံရအောင် မြဝတီနဲ့ မြန်မာအသံကြည့်ဖို့ ပြောတာပေါ့”လို့ ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက ပြည်သူတွေကို ခေါ်ယူစည်းရုံးဟောပြောပြီး ပြန်သွားချိန်မှာ ကျေးရွာ အုပ်ချုပ် ပိုင်းက တာဝန်ရှိသူတွေနဲ့ စစ်ကောင်စီသတင်းပေးတွေက ဒေသခံတွေကို မြဝတီနဲ့ မြန်မာ့အသံရုပ်သံလိုင်းက လွဲပြီး တခြားရုပ်သံလိုင်းတွေကြည့်ရင် အရေးယူမယ်လို့ ဖိအားပေးပြောဆိုတာတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေ ပြည်သူတွေနဲ့ တွေ့ဆုံပြီး သတင်းအမှန်တွေတင်ဆက်ပေးနေတယ်ဆိုတဲ့ မြဝတီနဲ့ မြန်မာအသံဟာ ခေတ်အဆက်ဆက် မြန်မာစစ်တပ်ကောင်းကြောင်းနဲ့ အစိုးရတာဝန်ရှိသူတွေလုပ်ဆောင်ချက် နဲ့ ကောင်းကြောင်းသာ ဖော်ပြနေတဲ့ သတင်းဌာနတွေဖြစ်တယ်လို့ သီးခြားလွတ်လပ်တဲ့ သတင်းမီဒီယာ သမားတွေက သုံးသပ်ပြောဆိုပါတယ်။
#ကျုံပျော် #မြဝတီ #မြန်မာ့အသံ #စစ်ကောင်စီ
#Ayeyarwaddy_Times