
စစ်ကောင်စီတပ်ကင်းပုန်းဝပ်လေ့ရှိတဲ့နေရာမှာ ရေးမြို့ နယ် NLDပါတီဝင်ဟောင်းတဦး သေနတ်ဒဏ်ရာဖြင့်သေဆုံးနေ
ဧရာဝတီတိုင်းမ်
(ရေး)၊ စက်တင်ဘာ ၃၀ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သံဖြူဇရပ်-ရေးလမ်းမကြီးပေါ် ဘေးကလွဲရွာ အဝင်လမ်းတွင် စက်တင်ဘာလ ၂၉ ရက် ညနေ ၃ နာရီဝန်းကျင်က NLD အမာခံဒေသခံ ၁ ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ နေရာသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေ့စဥ် ကင်းပုန်ဝပ်နေသည့်နေရာဖြစ်ပြီး သေဆုံးသူမှာ သေနတ်ဒဏ်ရာများဖြင့်သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
သေနတ်ဒဏ်ရာဖြင့်သေဆုံးခဲ့သူ ဦးဝင်းခိုင်သည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ NLD ပါတီအောင်နိုင်ရေးအဖွဲ့ဝင်တဦးဖြစ်ပြီး သေဆုံးခဒ့မှုအပေါ် မည်သည့်အဖွဲ့မှပစ်ခတ်ခဲ့ခြင်းဖြစ်သည်ကိုအတည်မပြုနိုင်သော်လည်း NLD အမာခံဖြစ်၍ စစ်တပ်မှပစ်သတ်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က ပြောဆိုသည်။
“သူကလူအေးဘဲ၊ သူ့ကိုPDFတွေသတ်တာဆိုပြီးသတင်းဖြန့်ကျတယ်၊ အမှန်ကသူသတ်ခံရတဲ့နေရာကကျွန်တော်တို့နယ်မြေ၊ အဲ့နေရာမှာကျွန်တော်တို့အဖွဲ့ဝင်တွေလည်းမရှိဘူး၊ ကင်းပုန်းစောင့်နေတဲ့စစ်သားတွေဘဲရှိတယ်၊ ခုက NLD နဲ့ထဲထဲဝင်ဝင်ပတ်သက်နေရင် တပ်ကသတ်နေတာဘဲ။ ပြီးတော့ သေဆုံးသွားတဲ့သူက ကျွန်တော့်နဲ့ရင်းနှီးတဲ့မိတ်ဆွေလည်းဖြစ်တယ်” ဟု YPDF Northအဖွဲ့မှ ဗိုလ်ရန်နိုင်ကပြောသည်။
ဦးဝင်းခိုင်သည် ဘေးတွဲဆိုင်ကယ်မောင်းနှင်သူတဦးဖြစ်ပြီး ဒေသတွင်း ကလေးများအား ကျောင်းကြို့၊ပို့လပ်ဆောင်နေခြင်းဖြစ်ပြီး မော့ကနင်ရွာအပြန်လမ်းတွင် ဦးခေါင်းအနောက်ဘက်မှနေ၍ ကျည်ဖောက်ဝင်ဒဏ်ရာရကာသေဆုံးခဲ့ခြင်း ဖြစ်သည်။
အဆိုပါပစ်ခတ်မှုအား ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များဘက်မှ ငြင်းဆန်ထားပြီး ပစ်ခတ်ခဲ့သည့်အဖွဲ့အစည်းအား ဧရာဝတီတိုင်းမ်အနေဖြင့်သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။
ရေးမြို့နယ်တွင် စစ်တပ် နှင့် ရဲများမှ ပြည်သူများအား အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်ခြင်းများပြုလုပ်နေပြီး ဇူလိုင်လ ၃၁ ရက်နေ့တွင်လည်း လမိုင်းမြို့ရှိ ပရဟိတ လူငယ် မင်းလင်းအောင်မှာ လမိုင်းမြို့ရဲစခန်းရှိ ရဲများ၏အကြောင်းမဲ့သတ်ဖြတ်ခြင်းအား ခံခဲ့ရသေးကြောင်းသိရသည်။
#AyeyarwaddyTimes