
မတူပီမြို့တွင် စစ်ကောင်စီက လုံခြုံရေးအကြောင်းပြပြီး မြို့အဝင်၊ အထွက်အားလုံးပိတ်ထားသဖြင့် မြို့ခံများ အခက်အခဲဖြစ်
ဧရာဝတီတိုင်းမ်
(မတူပီ)၊ စက်တင်ဘာလ ၃၀ ရက်
ချင်းပြည်နယ်၊ မတူပီမြို့တွင် စစ်ကောင်စီက လုံခြုံရေးအကြောင်းပြချက်ဖြင့် ပြည်သူလူထုခရီးသွားလာမှုကို တားမြစ်ထားပြီး မြို့အဝင်/အထွက်အားလုံးကို ပိတ်ပင်ထားကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
မတူပီမြို့တွင် စစ်ကောင်စီတပ်က ခရီးသွားလာမှုကို မကြာခဏပိတ်ပင်တားမြစ်ထားသော်လည်း ယခုမြို့အဝင်၊ အထွက်ပိတ်ပင်မှုသည် CDF-Matupi၊ တပ်ရင်း-၂ နှင့် ၃ ရက်ကြာတိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်က သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများပြားမှုကြောင့် လုံခြုံရေးကို အကြောင်းပြကာ ပိတ်ပင်တားမြစ်ခြင်းဖြစ် ကြောင်း ဒေသခံများက ပြောသည်။
“ဒီစက်တင်ဘာလ၊ လကုန်ပိုင်းက မတူပီ-ဟားခါးလမ်း၊ ခရိုင်ရုံးအနီးမှာ CDF-Matupi၊ တပ်ရင်း-၂ နဲ့ စစ်ကောင်စီတပ်ကြားမှာ ၃ ရက်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ တိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာ ရရှိသူတော်တော်များပြားတယ်လို့ သိရတယ်။ ဒါကြောင့် စစ်ကောင်စီဘက်က လုံခြုံရေးကို အကြောင်းပြပြီးတော့ အခုလို
ခရီးသွားလာမှုတွေကို တားမြစ်ပြီး မြို့အဝင်/အထွက်တွေကို ပိတ်ပင်လိုက်တာ ဖြစ်နိုင်တယ်လို့ မြင်တယ်ပေါ့နော်။ ဘယ်ချိန်ထိ ပိတ်မှာလဲဆိုတာလည်း အတိအကျထုတ်ပြန်ထာမရှိဘူး။ CDF-Matupiက မြို့ထဲကို စစ်ဆင်ရေးတွေ ပြုလုပ်လာမှာကိုလည်း စိုးရိမ်နေပုံရတယ်”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မတူပီမြို့တွင် စစ်ကောင်စီတပ်က မြို့အဝင်/အထွက်များကို မကြာခဏပိတ်ပင်တားမြစ်ပြီး ပြည်မဘက်မှ တင်သွင်းလာသော ကုန်စည်စီးဆင်းမှုများပြတ်တောက်မှုကြောင့် ပြည်သူလူထုများက စားဝတ်နေရေးအခက်အခဲ ကြုံတွေနေကြကြောင်းဒေသခံများထံမှ သိရသည်။
CDF-Matupiနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီက မတူပီမြို့၊ နေရာတစ်ချို့တွင် အလံနီများစိုက်ထူထားပြီး ဒေသခံများက မြို့တွင်းသွားလာမှုကိုပင် စိုရိမ်နေကြကြောင်း ဒေသခံအချို့က ဆိုသည်။
“စစ်ကောင်စီတပ်တွေက ဒီလ၊ စက်တာဘာလ ၂၀ ရက်နေ့မှာ မတူပီမြို့၊ မြို့အစွန့်ဘက်တွေမှာ အလံအနီတွေ လိုက်လံစိုက်ထူနေကြပါတယ်၊ ဘာရည်ရွယ်ချက်နဲ့ စိုက်ထူတာလဲဆိုတာမသိရဘူး၊ အလံနီစိုက်တာနဲ့ ပတ်သက်ပြီး ဒေသခံတွေက စိုးရိမ်နေကြတယ်၊ မြို့ထဲမှာဟာ သတင်းမှားတွေ ပြန့်နှံနေတော့ အလံနီစိုက်ထားတဲ့ နေရာတစ်ဝိုက်မှာ ဒေသတွေက
မသွားရဲကြဘူး”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ပြောသည်။
မတူပီမြို့၊ ခရိုင်ရုံးအနီးတွင် CDF-Matupi၊ တပ်ရင်း-၂ နှင့် စစ်ကောင်စီတပ်တို့ကြား စက်တင်ဘာလ ၂၄ ရက်မှ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ရေးဆက်လက်တင်းမာကာ တိုက်ပွဲအချိန်မရွေးဖြစ်ပွားနိုင်ကြောင်း CDF-Matupiထံမှ သိရသည်။
CDF-Matupi၊ တပ်ရင်း-၂ နှင့် စစ်ကောင်စီတပ်တို့ကြား ခရိုင်ရုံးအနီးဖြစ်ပွားခဲ့သော တိုက်ပွဲတွင် CDF-Matupi၊ တပ်ရင်း-၂ ဘက်မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီဘက်က ၁၁ ဦးသေဆုံး၍ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း CDF-Matupi၏ ထုတ်ပြန်ချက်အရသိရသည်။
#မတူပီ #စစ်ကောင်စီ #မြို့အဝင် #အထွက် #လုံခြုံရေး
#Ayeyarwaddy_Times