
ကိုကိုမောင်/ဧရာဝတီတိုင်းမ်
မအူပင်၊ ဇူလိုင်လ ၂ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့ပေါ်ရပ်ကွက်များတွင် စစ်ကောင်စီမှ အကြမ်းဖက်ဥပဒေပုဒ်မများဖြင့် ဖမ်းဝရမ်းထုတ်ခံရသူများ၏ ဓာတ်ပုံပါ ဗွီနိုင်းများလိုက်ကပ်နေတယ်လ်ို့ ဒေသခံများထံမှသိရပါတယ်။
” သူတို့လိုက်ကပ်ထားတဲ့ပုံတွေတွေ့တာ ဒီမနက်မှပုံထဲကလူတွေကတော့ စစ်အာဏာသိမ်းပြီး မအူပင်မြို့မှာမနေရဲလို့ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့သူတွေပဲ။ မအူပင်မြို့ပေါ်မှာက နိုင်ငံရေးတတ်ကြွလှုပ်ရှားသူ NLDပါတီဝင်တွေ သတင်းထောက်တွေ အထူးသဖြင့် စစ်ကောင်စီအာဏာ သိမ်းတာကိုမလိုလားသူတွေကို ပုဒ်မအမျိုးမျိုးတတ်ပြီးဖမ်းဆီးနေတာပဲလေ” လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းယူပြီးနောက် ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲဦးဆောင်ပါဝင်သူများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ NLD ပါတီဝင်များ၊ CDM ဝန်ထမ်းများ အပါအဝင် ဒေသခံများအပေါ် စစ်ကောင်စီက စွပ်စွဲဖမ်းဆီးမှုများပြုလုပ်နေသည့်အတွက် ယနေ့အချိန်အထိ ထွက်ပြေးတိမ်းရှောင်နေရသူ အများအပြားရှိနေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။